အစ္စရေးက ဂါဇာကမ်းမြောင်မှာ တိုက်ခိုက်မှုတွေဆက်လုပ်နေပြီး အကူအညီတွေဝင်ရောက်လာနိုင်ဖို့ စစ်ရေးလှုပ်ရှားမှုတွေကို ခေတ္တရပ်တယ်လို့ ကြေညာ

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုမိုခွင့်ပြုနိုင်ဖို့ တောင်ပိုင်းဒေသမှာ သူ့ရဲ့စစ်ရေးလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းတယ်လို့ ကြေညာရင်း အစ္စရေးဟာ ဂါဇာကမ်းမြောင်အနှံ့မှာ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

အဲဒီခေတ္တရပ်နားမှုဟာ Kerem Shalom ကနေ အဓိကလမ်းမကြီးတစ်ခုနဲ့ မြောက်ဘက်ကို ဖြတ်ကျော်တဲ့လမ်းကြောင်းအထိ ပါဝင်တယ်လို့ အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပါတယ်။ ဂါဇာတောင်ပိုင်းရှိ Khan Younis ကို လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေပေးပို့ဖို့ အဲဒီလမ်းကြောင်းကို အသုံးပြုနိုင်ပါတယ်။

အဲဒီခေတ္တရပ်နားမှုကို နေ့စဉ် မနက် ၈ နာရီကနေ ည ၇ နာရီအထိ ထားရှိမယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဒါပေမဲ့ Rafah အပါအဝင် ဂါဇာတောင်ပိုင်းမှာ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်ဖွယ်ရာရှိတယ်လို့ အစ္စရေးစစ်တပ်က လူမှုမီဒီယာမှာ ရေးထားပါတယ်။ ဟီဘရူဘာသာနဲ့ ရေးထားတဲ့အဲဒီ သတင်းစကားက အစ္စရေးစစ်တပ်ဟာ သူ့ရဲ့သဘောထားတင်းမာတဲ့ ရပ်တည်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားမယ်ဆိုတာ ပြသနေပုံရပါတယ်။

အစ္စရေးစစ်တပ်ဟာ တနင်္ဂနွေနေ့မှာ ဂါဇာကမ်းမြောင်ဒေသကို ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်အလယ်ပိုင်းက ဒုက္ခသည်စခန်းတစ်ခုရှိ နေအိမ်နှစ်လုံးကို ပစ်မှတ်ထားတဲ့ အမြောက်နဲ့ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် လူခြောက်ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတစ်ခုက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ပဋိပက္ခစတင်ဖြစ်ပွားခဲ့ချိန်ကစပြီး ဂါဇာမှာ သေဆုံးသူ ၃၇,၃၃၇ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ ဂါဇာရှိ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ဒီအတောအတွင်း အစ္စရေးနှင့် ဟားမတ်စ်တို့ကြား သီတင်းခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ ဓားစာခံတွေကို လွှတ်ပေးရေး စတဲ့ အဆင့်သုံးဆင့်ပါ အစီအစဉ်အတွက် စေ့စပ်ညှိနှိုင်းမှုတွေဟာ ရပ်တန့်နေဆဲဖြစ်ပါတယ်။ အမေရိကန်သမ္မတ Joe Biden က အဲဒီအစီအစဉ်ကို မေလ ၃၁ ရက်မှာ ကြေညာခဲ့ပါတယ်။

ဟားမတ်စ်ရဲ့ အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Ismail Haniyeh က တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ အဲဒီအဆိုပြုချက်ကို ကိုးကားထားပါတယ်။

တော်လှန်ရေးအုပ်စုအားလုံးနဲ့အတူ သူ့ရဲ့လှုပ်ရှားမှုဟာ သဘောတူညီချက်တစ်ခုရရှိဖို့ ကြီးကျယ်လှတဲ့ အလေးအနက်ထားမှုနဲ့ လိုက်လျောညီထွေမှုရှိတာကို ပြသခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ အစ္စရေးနဲ့ သူ့ရဲ့ မဟာမိတ်တွေက အဲဒါကို တုံ့ပြန်မှု မပြုသေးဘူးလို့ မစ္စတာ Haniyeh က ပြောပါတယ်။