ဂျပန်က ငလျင်ဒဏ်ခံမြို့မှာ နေထိုင်သူတွေက အထူးပြုလုပ်ထားတဲ့ ဂျယ်လီမုန့်နဲ့ ဖခင်များနေ့ကို ဆင်နွှဲ

ဂျပန်မှာ နှစ်ဆန်းတစ်ရက်နေ့က ငလျင်ကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တဲ့ မြို့တစ်မြို့က မုန့်ဆိုင်တစ်ဆိုင်ဟာ ဖခင်များနေ့အတွက် အထူးပြုလုပ်ထားတဲ့ ဂျယ်လီမုန့်ကို ရောင်းချခဲ့ပါတယ်။ တိမ်းရှောင်နေထိုင်နေသူတွေက ဒီနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီဂျယ်လီမုန့်ကို ဝယ်ယူခဲ့ကြပါတယ်။

အီရှိခါဝ ခရိုင် Wajima မြို့က Kuma-no-Ouchi ဆိုင်ဟာ ငလျင်ကြောင့် သူ့ရဲ့မီးဖိုတွေ ပျက်စီးခဲ့ရပြီး ဝန်ထမ်းတချို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းသွားခဲ့တဲ့နောက်ပိုင်းမှာလည်း မုန့်တွေကို ဆက်ပြီးလုပ်ခဲ့ပါတယ်။

ဒီဆိုင်က ကာဖေးအော်လေးအရသာ ခရင်မ်နဲ့ ဖခင်တွေရဲ့ မျက်နှာတွေကို ပုံဖော်ထားတဲ့ ကော်ဖီအရသာ ဂျယ်လီမုန့်ကို ရောင်းချနေပါတယ်။

နေထိုင်သူအများအပြားဟာ သူတို့ချစ်ခင်သူတွေအတွက် အဲဒီမုန့်ကို ဝယ်ဖို့ယာယီအိမ်ရာ ဒါမှမဟုတ် တိမ်းရှောင်ရေးစခန်းတွေကနေ ရောက်လာခဲ့ကြပါတယ်။ တချို့က တနင်္ဂနွေနေ့ မနက် ၉ နာရီမှာ ဆိုင်ဖွင့်ပြီးပြီးချင်း ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးဟာ Kanazawa မြို့က ဟိုတယ်တစ်ခုမှာ တိမ်းရှောင်နေထိုင်နေပါတယ်။ သူဟာ မတိမ်းရှောင်ခင် နှစ်အတော်ကြာကတည်းက အဲဒီဆိုင်မှာ မုန့်တွေကို ဝယ်ခဲ့တယ်လို့ ဆိုပါတယ်။ မတွေ့တာအတော်ကြာပြီဖြစ်တဲ့ သူ့ဖခင်နဲ့ မွေးရပ်မြေမှာ ပထမဆုံးအကြိမ်တွေ့ဆုံ စကားပြောရင်း ဒီဂျယ်လီမုန့်ကို အတူတူစားကြမယ်လို့ သူကပြောပါတယ်။

အသက် ၂၀ အရွယ်ရှိ ဒေသခံ မီးသတ်သမားတစ်ဦးက မီးငြှိမ်းသတ်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကြား အလုပ်များခဲ့လို့ ငလျင်လှုပ်ပြီးပြီးခြင်း အိမ်ကို မပြန်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

နည်းနည်းတော့ အနေခက်သလို ခံစားရနိုင်ပေမဲ့ ဒီနေ့တော့ သူ့ဖခင်ကို ကျေးဇူးတင်စကား ပြောမယ်လို့ သူက ဆိုပါတယ်။

မုန့်ဆိုင်မန်နေဂျာ Furukawa Mayumi က ဒီဂျယ်လီမုန့်ဟာ နေထိုင်သူမိတ်ဆွေတွေအတွက် ဒီဘေးအန္တရာယ်ထဲမှာ ဆုံးရှုံးခဲ့ရတဲ့ ပုံမှန်အနေအထားဆိုတာကို ခံစားနိုင်အောင် ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ ဒီမုန့်က သူတို့ကို ပျော်ရွှင်စေမယ်လို့ မျှော်လင့်တဲ့အကြောင်း မီးစ် Furukawa က ပြောပါတယ်။