ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းကို ဆက်လက်ထောက်ခံသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ကတိပြု

ဂျပန်ဝန်ကြီးချုပ် Kishida Fumio က ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာညီလာခံမှာ ယူကရိန်းရဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ သူ့ရဲ့ သန္နိဋ္ဌာန်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယူကရိန်းကတင်ပြတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ဆွေးနွေးဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ ဆွစ်ဇာလန်မှာ စုဝေးခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် ကျူးကျော်မှုစတင်ခဲ့ချိန်ကတည်းက ဂျပန်အနေနဲ့ ရုရှားအပေါ် တင်းကျပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာခဲ့ပြီး ယူကရိန်းအတွက် ခိုင်ခိုင်မာမာ ထောက်ပံ့လာခဲ့တယ်လို့ မစ္စတာ Kishida က ပြောပါတယ်။ အဲဒီလို ထောက်ပံ့ကူညီမှုဟာ အလားတူအနေအထားမျိုး မနက်ဖြန် အရှေ့အာရှမှာ ဖြစ်ပျက်လာနိုင်တယ်ဆိုတဲ့ ဘေးအန္တရာယ်ကို သတိထားနေတဲ့စိတ်ခံစားချက်ကနေ ထွက်ပေါ်လာတာဖြစ်တယ်လို့ သူက ဆိိုပါတယ်။

အီတလီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ G7 ထိပ်သီးဆွေးနွေးပွဲရဲ့ ဘေးစည်းအဖြစ် တွေ့ဆုံခဲ့ချိန်မှာ သူနဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ အကူအညီပေးရေး သဘောတူညီချက်အသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ မစ္စတာ Kishida က ပြောပါတယ်။

ယူကရိန်းမှာ ထာဝရခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်တာဟာ ကမ္ဘာကြီးကို သဘောထားကွဲမှု ဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်မှုတွေဆီ မဟုတ်ဘဲ သဟဇာတဖြစ်မှုဆီ ခေါ်ဆောင်သွားရေး ရှုထောင့်အတွက် သင်္ကေတတစ်ခု ဖြစ်တယ်လို့ မစ္စတာ Kishida က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာအသိုက်အဝန်းနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရင်း ဂျပန်အနေနဲ့ သာယာလှပတဲ့ အဲဒီနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

မစ္စတာ Kishida က ဂျပန်နိုင်ငံဟာ အထူးသဖြင့် အဏုမြူစွမ်းအင် ဘေးကင်းလုံခြုံရေးအတွက် တက်တက်ကြွကြွ အကျိုးဆောင်သွားမှာဖြစ်ပြီး မြေမြှုပ်မိုင်းဖယ်ရှားရေး၊ လျှပ်စစ်ဖြန့်ဖြူးရေးနဲ့ တခြားနယ်ပယ်တွေမှာ ဆက်လက်ကူညီသွားမယ်လို့ ဆိုပါတယ်။ သက်ဆိုင်တဲ့ နိုင်ငံတွေအနေနဲ့ အတူတကွ လုပ်ဆောင်ကြဖို့ သူက တောင်းဆိုခဲ့ပါတယ်။