ဂါဇာတောင်ပိုင်မှာ ကပ်ဘေးအဆင့် ငတ်မွတ်ခေါင်းပါးမှု ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီ သတိပေး

ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီက ဂါဇာကမ်းမြောင် တောင်ပိုင်းမှာ ကပ်ဘေးအဆင့် ငတ်မွတ်ခေါင်းပါးမှုတွေ မကြာခင် ဖြစ်ပေါ်လာနိုင်တယ်လို့ဆိုရင်း ဒီဒေသအတွင်း ပဋိပက္ခတွေမှာ ချက်ခြင်းအပစ်အခတ်ရပ်စဲဖို့ တောင်းဆိုလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလွှတ်ပေးရေး ညှိနှိုင်းမှုတွေ နှေးကွေးနေချိန်မှာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဂါဇာက လူသားချင်းစာနာမှု အခြေအနေတွေ ဆိုးရွားနေပါတယ်။

ပါလက်စတိုင်း မီဒီယာတစ်ခုက စနေနေ့မှာ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဂါဇာမြောက်ပိုင်းမှာ နေအိမ်တွေကို တိုက်ခိုက်မှုအတွင်း လူ ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလမှာ ဒီပဋိပက္ခ စတင်ခဲ့တဲ့နောက်ပိုင်း လူပေါင်း ၃၇,၂၆၆ ဦး သေဆုံးခဲ့ပြီဖြစ်တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ လက်ထောက် အမှုဆောင်ညွှန်ကြားရေးမှူး Carl Skaau က သူရဲ့ ဂါဇာကမ်းမြောင်ဒေသ ခရီးစဉ်အဆုံးမှာ သတင်းထောက်တွေနဲ့ စကားပြောခဲ့ပါတယ်။ အဲဒီက လူတွေက သန့်ရှင်းရေးအဆောက်အအုံတွေ၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ သင့်တင်တဲ့ သိက္ခာထားလေးစားမှုတွေ လိုအပ်နေတဲ့ကြောင်း သူ့ကို ပြောခဲ့ကြပြီး သူနဲ့ စကားပြောခဲ့သူတိုင်းက အပစ်အခတ်ရပ်စဲရေးကို လိုလားနေတယ်လို့ သူကဆိုပါတယ်။

တောင်ပိုင်းက Rafah အပါအဝင် ဂါဇာက တချို့နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာနေပြီး လိုအပ်နေတဲ့ စားနပ်ရိက္ခာအကူအညီတွေ ပေးပို့ဖို့ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေ လုံးဝနီးပါး မဖြစ်နိုင်တဲ့ အနေအထား ဖြစ်လာနေတယ်လို့ သူက ပြောပါတယ်။ အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှု ဖြစ်လာမယ့်အန္တရာယ်ကိုလည်း သူက ရည်ညွှန်းပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ကို ရေကြောင်းလမ်းကတစ်ဆင့် အကူအညီတွေ ပေးပို့ရာမှာ အသုံးပြုနေတဲ့ ယာယီဆိပ်ခံတံတားတစ်ခုကို ရာသီဥတုဆိုးဝါးနေတဲ့အတွက်ကြောင့် ယာယီ ဖယ်ရှားမယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။ ရာသီဥတုကောင်းမွန်လာတဲ့နောက်မှာ အဲဒီဆိပ်ခံတံတားကို ကမ်းခြေမှာ ပြန်လည်ထားရှိမှာဖြစ်ပြီး ထောက်ပံ့မှုတွေ ပြန်လည်စတင်မှာဖြစ်ကြောင်း အဲဒီဌာနက ပြောပါတယ်။