အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအတွက် AI ကိုအသုံးမပြုဖို့ ပုပ်ရဟန်းမင်းကြီး သတိပေး

ပုပ်ရဟန်းမင်းကြီး Francis က အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို လူသားတွေကလုပ်ဆောင်ဖို့ အမြဲချန်ထားရမယ်လို့ ပြောကြားရင်း ပစ်မှတ်တွေကို ရွေးချယ်တာနဲ့ တိုက်ခိုက်တာတွေအတွက် ဉာဏ်ရည်တု AI ကို အသုံးပြုတဲ့ လက်နက်တွေကို တားမြစ်ပိတ်ပင်ဖို့ တောင်းဆိုခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အီတလီနိုင်ငံမှာ ကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးရဲ့ AI ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲတစ်ခုမှာ သောကြာနေ့က စကားပြောခဲ့ပါတယ်။ သူဟာ G7 အစည်းအဝေးကို တက်ရောက်တဲ့ ပထမဦးဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်ပါတယ်။

AI ဟာ သိပ္ပံဆိုင်ရာ သုတေသနပြုမှုတွေကို အဆပေါင်းများစွာ တိုးတက်စေနိုင်ပေမဲ့ စက်မှုထွန်းကားတဲ့နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြား၊ ဒါမှမဟုတ် လူမှုအသိုက်အဝန်းထဲက လွှမ်းမိုးချုပ်ကိုင်တဲ့လူတန်းစားနဲ့ ဖိနှိပ်ခံလူတန်းစားတွေကြားမှာ ကြီးမားတဲ့ မမျှတမှုတွေကိုလည်း ဖြစ်စေနိုင်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

သူက “တခါတရံ အကြီးအကျယ် အလျင်စလို အနေအထားတွေနဲ့ ကြုံရတဲ့အခါမျိုးမှာတောင်မှ ဆုံးဖြတ်ချက်ချတာကို လူသားတွေကလုပ်ဆောင်ဖို့ အမြဲတမ်း ချန်ထားရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားသင့်တယ်” လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးက “သတ်ဖြတ်နိုင်စွမ်းရှိပြီး မိမိသာသာစဉ်းစားလုပ်ဆောင်နိုင်တဲ့ လက်နက်တွေ" တီထွင် အသုံးပြုမှုကို အရေးတကြီး ပြန်လည်သုံးသပ်ရမှာဖြစ်ပြီး နောက်ဆုံးမှာ အဲဒါတွေအသုံးပြုတာကို ပိတ်ပင်ရမယ်လို့ ပြောပါတယ်။