နောက်လမှာ တရုတ် လျှပ်စစ်ကား EV တွေအပေါ်ထပ်ဆောင်းအကောက်ခွန် ချမှတ်ဖို့ EU ပြင်ဆင်နေ

ဥရောပသမဂ္ဂ (EU) ဟာ နောက်လမှာ တရုတ် လျှပ်စစ်ကား EV တွေအပေါ် ထပ်ဆောင်းအခွန်ကို ၃၈.၁ ရာခိုင်နှုန်းအထိ တိုးကောက်မယ်လို့ သတိပေးလိုက်ပါတယ်။

ဥရောပကော်မရှင်က ဗုဒ္ဓဟူးနေ့မှာ အဲဒီလို ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီ ယာယီအခွန်စည်းကြပ်မှုအသစ်ကို လက်ရှိစည်းကြပ်မှု ၁၀ ရာခိုင်နှုန်းနဲ့ ပေါင်းစပ်ကောက်ခံမှာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်လုပ် EV တွေဟာ မမျှတတဲ့ အစိုးရထောက်ပံ့မှုတွေကနေ အမြတ်ရနေပြီး EU က ထုတ်လုပ်သူတွေအတွက် စီးပွားရေးထိခိုက်နစ်နာမှု အန္တရာယ်တစ်ခု ဖြစ်နေတယ်လို့ အဲဒီကော်မရှင်က ဆိုပါတယ်။

တရုတ်နဲ့ ဆွေးနွေးမှုတွေမှာ ထိရောက်တဲ့ အဖြေတစ်ခု မရလာဘူးဆိုရင် အဲဒီအစီအမံဟာ ဇူလိုင် ၄ ရက်က စပြီးအသက်ဝင်လာမယ်လို့ ကော်မရှင်က ပြောပါတယ်။

ထပ်ဆောင်းစည်းကြပ်ခွန်တွေဟာ တရုတ်နိုင်ငံထဲမှာရှိတဲ့ အနောက်တိုင်းထုတ်လုပ်သူတွေနဲ့လည်း အကျုံးဝင်ပါတယ်။

အောက်တိုဘာလမှာ ဥရောပကော်မရှင်က အဲဒီကားတွေဟာ စျေးကွက်ကို ဖရိုဖရဲဖြစ်စေပြီး မမျှတတဲ့ ယှဉ်ပြိုင်မှုတွေကို ဖြစ်စေတယ်လို့ဆိုရင်း တရုတ်နိုင်ငံမှာ ထုတ်လုပ်တဲ့ EV တွေနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်ခဲ့ပါတယ်။ ဖြန့်ဖြူးရေးကွင်းဆက် အဆင့်တိုင်းမှာ တရုတ်အစိုးရ ထောက်ပံ့ကြေးတွေကို စုံစမ်းစစ်ဆေးမှုအရ အတည်ပြုခဲ့တယ်လို့ အဲဒီကောင်မရှင်က ဆိုပါတယ်။ တရုတ် EV တွေဟာ EU ဈေးကွက်ထဲမှာ အလျင်အမြန် ချဲ့ထွင်နေရာယူလာနေပြီး EU ထုတ်လုပ်သူတွေအနေနဲ့ ဈေးနှုန်းတွေကို မြှင့်တင်နိုင်ခြင်းမရှိဘဲ ဆုံးရှုံးမှုတွေကို ခံစားနေကြရတယ်လို့ ကော်မရှင်က ဆိုပါတယ်။

EU ရဲ့ ကြေညာချက်ကို တရုတ်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပြီး တန်ပြန်လုပ်ဆောင်မှုတွေကို အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။