ဂျပန်မှာ Streptococcal toxic shock syndrome ဖြစ်ပွားမှု စံချိန်တင် မြင့်တက်

Streptococcal toxic shock Syndrome (STSS) ဖြစ်ပွားမှုတွေ ဂျပန်မှာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ အဲဒီ Streptococcus ဘက်တီးရီးယားပိုး ကူးစက်မှုဟာ လျင်မြန်စွာဖြစ်ပေါ်ပြီး လူ့ရဲ့အသက် ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။

STSS သည် အဓိကအားဖြင့် "group A streptococcus" ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ကူးစက်ခံရသူအများစုဟာ အသက် ၃၀ နဲ့အထက် လူတွေ ဖြစ်ပါတယ်။ လူနာတွေဟာ ခြေလက်အင်္ဂါတွေရဲ့ဆဲလ်တွေ သေဆုံးမှုဖြစ်ပေါ်လာနိုင်ပြီး ကိုယ်တွင်းအင်္ဂါတွေချို့ယွင်းမှုကို ခံစားရနိုင်ပါတယ်။

ဂျပန်ရဲ့ နိုင်ငံလုံးဆိုင်ရာကူးစက်ရောဂါသုတေသနဌာနက အခုနှစ်ဆန်းကစပြီး ဇွန်လ ၂ ရက်နေ့အထိ နိုင်ငံအတွင်း ပဏာမကူးစက်ခံရသူ ၉၇၇ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ မနှစ်က အလားတူကာလထက် ၂.၈ ဆ တိုးလာတာဖြစ်ပြီး၊ မနှစ်က တစ်နှစ်လုံးဖြစ်ပွားခဲ့တဲ့ စုစုပေါင်း ၉၄၁ ဦးထက် ပိုများလာတာဖြစ်ပါတယ်။ လက်ရှိဒေတာရယူတဲ့နည်းလမ်းနဲ့ စာရင်းမှတ်တမ်းသွင်းထားသမျှထဲမှာ အမြင့်ဆုံးကိန်းဂဏန်းလည်း ဖြစ်ပါတယ်။

တိုကျိုအမျိုးသမီးဆေးဘက်ဆိုင်ရာတက္ကသိုလ်က ပါမောက္ခ Kikuchi Ken က ရောင်ရမ်းမှု လျင်မြန်စွာပျံ့နှံ့လာလို့ရှိရင်၊ အဖျားကြီးလာရင် ဒါမှမဟုတ် အိပ်ငိုက်နေရင် ဆေးကုသမှု အမြန်ဆုံးခံယူဖို့လိုတဲ့လက္ခဏာဖြစ်တာကြောင့် အရေးပေါ်လူနာတင်ယာဉ်ခေါ်ဖို့ တိုက်တွန်းထားပါတယ်။