AI မှာ ရင်းနှီးမြှုပ်နှံမှု ပိုလုပ်ရေး တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရ အစီရင်ခံတင်ပြ

ဂျပန်အနေနဲ့ လူလုပ်အသိဉာဏ် (AI) နည်းပညာရဲ့ ကမ္ဘာနဲ့အဝှမ်း ပြိုင်ဆိုင်မှုတွေမှာ အများနဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် အခုထက် ပိုပြီး ကြိုးပမ်းလုပ်ဆောင်ဖို့ လိုတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။ ပြည်တွင်းကုမ္ပဏီတွေဟာ ပြည်ပက ပြိုင်ဘက်တွေကို အမီလိုက်နိုင်ဖို့အတွက် ပံ့ပိုးကူညီမှုတွေ ပိုမိုလိုအပ်တယ်လို့ သူတို့က ပြောပါတယ်။

အခုနှစ်ရဲ့ နည်းပညာ၊ သိပ္ပံနဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာ အစီရင်ခံစာမှာ အရာရှိတွေက အကြံပြုချက်တွေ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ အဲဒီအစီရင်ခံစာကို အစိုးရအဖွဲ့က အင်္ဂါနေ့မှာ အတည်ပြုခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်ဟာ ၂၀၂၀ ပြည့်နှစ်တွေမှာ AI နည်းပညာမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ အဲဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံမှာ အစိုးရဟာ သုတေသနနဲ့ တီထွင်ဖန်တီးမှုအတွက် မဟာဗျူဟာမြောက် ပံ့ပိုးကူညီမှုတွေ ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဂျပန်ကုမ္ပဏီတွေဟာ သုတေသီနဲ့ ငွေကြေးမလုံလောက်မှုအပါအဝင် စိန်ခေါ်မှုတွေ ပိုမိုကြုံတွေ့နေရတယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။

အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဂျပန်ဟာ သုတေသနနဲ့ တီထွင်ဖန်တီးမှုမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ဖို့နဲ့ ကျွမ်းကျင်ပညာရှင်တွေကို ပြုစုပျိုးထောင်ရေး အဆက်မပြတ် ကြိုးပမ်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဂျပန်နဲ့ ပြည်ပက ထိပ်တန်းသုတေသီတွေအကြား ခိုင်မာတဲ့ ဆက်ဆံရေးရှိလာအောင် ဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။ AI ကို အလုပ်အတွက် အသုံးပြုနေတဲ့ သုတေသီတွေကို ပိုမိုပံ့ပိုးကူညီဖို့လည်း အကြံပြုထားပါတယ်။