မြောက်ကိုရီးယားစစ်သားတွေ နယ်စပ်ကို ခဏဖြတ်ကျော်ဝင်ရောက်တဲ့အတွက် တောင်ကိုရီးယားက သတိပေးပစ်ခတ်

တနင်္ဂနွေနေ့က မြောက်ကိုရီးယားစစ်သားတွေ နှစ်နိုင်ငံကြား စစ်မဲ့ဇုန်နယ်နိမိတ်မျဉ်းကို ခဏဖြတ်ကျော်လာချိန်မှာ သူ့ရဲ့တပ်ဖွဲ့ဝင်တွေက သတိပေးပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ မြောက်ကိုရီးယား စစ်သား ၁၀ ယောက်ကျော်ဟာ ကုန်းတွင်းနယ်နိမိတ်ကို မှားယွင်းစွာနဲ့ ဖြတ်ကျော်ခဲ့ပုံရပါတယ်။

အဲဒီ အခင်းဖြစ်ပွားမှုဟာ တနင်္ဂနွေ နေ့လယ်ဘက် အစောပိုင်းက ဖြစ်တယ်လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံးက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားစစ်တပ်က သတိပေးကြေညာတာနဲ့ သတိပေးပစ်ခတ်တာတွေ လုပ်ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယားစစ်သားတွေဟာ သူတို့ရဲ့နယ်မြေထဲ ချက်ခြင်းပြန်လှည့်သွားတယ်လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားစစ်သားတွေဟာ ပေါက်ချွန်း ဒါမှမဟုတ် တခြားကိရိယာတွေကို သယ်ဆောင်လာတယ်လို့ တောင်ကိုရီးယားစစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ သူတို့က စစ်မဲ့ဇုန်အတွင်း လှုပ်ရှားမှုတစ်ခုခု လုပ်ခဲ့တယ်ဆိုတာကို သတင်းရင်းမြစ်တွေက မှတ်ချက်ပြုပါတယ်။ စစ်သားတွေက အဲဒီနယ်နိမိတ်မျဥ်းကို မတော်တဆ ဖြတ်ကျော်ခဲ့ပုံရတယ်လို့ သူတို့က ပြောပါတယ်။

အဲဒီနေရာဟာ သစ်တောနယ်မြေဖြစ်ပြီး စစ်မဲ့ဇုန်နယ်နိမိတ်မျဉ်း တည်ရှိရာနေရာကို ညွှန်ပြတဲ့ဆိုင်းဘုတ်တွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူးလို့ သတင်းထောက်တွေကို ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။ မြောက်ကိုရီးယားစစ်သားတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ နယ်စပ်ကိုဖြတ်ကျော်ခဲ့တာ မဟုတ်ဘူးလို့ စစ်တပ်က ယုံကြည်တဲ့အကြောင်းလည်း ပြောပါတယ်။