ဂျပန်မှာ ရှိတဲ့ အမေရိကန်စစ်သင်္ဘောတွေကို ကြီးမားတဲ့ အတိုင်းအတာနဲ့ ပြုပြင်နိုင်ရေးအတွက် ဂျပန်နဲ့ အမေရိကန် အစည်းအဝေးကျင်းပ

ဂျပန်နဲ့ အမေရိကန်ဟာ ဂျပန်မှာ အမေရိကန် စစ်သင်္ဘောတွေကို ပြုပြင်ဖို့အတွက် ရည်ရွယ်ပြီး ပထမဆုံး လုပ်ငန်းအဆင့်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။

ဧပြီလမှာ ပြုလုပ်ခဲ့တဲ့ ဂျပန်-အမေရိကန် ထိပ်သီးအစည်းအဝေးမှာ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အခုလို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်ရေတပ်ရဲ့ စစ်သင်္ဘောတွေကို ဂျပန်ကုမ္ပဏီတွေက ကြီးမားတဲ့ အတိုင်းအတာနဲ့ ပြုပြင်နိုင်ရေး မူဘောင်တစ်ခု ဖန်တီးဖို့အတွက် နှစ်နိုင်ငံ သဘောတူခဲ့ပါတယ်။

အင်္ဂါနေ့က အစည်းအဝေးကို တက်ရောက်သူတွေထဲမှာ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဝယ်ယူမှု၊ နည်းပညာနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အေဂျင်စီရဲ့ အကြီးအကဲ Fukasawa Masaki ၊ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအရာရှိတွေနဲ့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Rahm Emanuel တို့ ပါဝင်သည်။

ဂျပန်သင်္ဘောကျင်းတွေမှာ အမေရိကန်ရေတပ်သင်္ဘောတွေကို ပြုပြင်ထိန်းသိမ်းရေး အခွင့်အလမ်းတွေ ပိုမိုရရှိခြင်းဟာ ဂျပန်-အမေရိကန်မဟာမိတ်ရဲ့ ဟန့်တားနိုင်စွမ်းကို အားကောင်းစေမှာ ဖြစ်တယ်လို့ ယုံကြည်ကြောင်း မစ္စတာ Fukasawa က ပြောပါတယ်။

အစည်းအဝေးအပြီးမှာ မစ္စတာ Emanuel က သင်္ဘောပြုပြင်ထိန်းသိမ်းရေးဟာ ဟန့်တားစွမ်းရည်အတွက် အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ရေတပ်က အရေးကြီးတ့ အခန်းကဏ္ဍကနေ ဆောင်ရွက်တဲ့ နယ်မြေမှာ "ဂျပန်နဲ့ ဂျပန်က သင်္ဘောကျင်းတွေဟာ ကျွန်တော်တို့ရဲ့ ဗျူဟာမြောက် ဟန့်တားရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်" လို့ သူက ဆိုပါတယ်။