ဧပြီလတုန်းက MSDF ရဟတ်ယာဉ် ၂ စင်း ဝင်တိုက်မှုမှာ ပျောက်ဆုံးနေခဲ့တဲ့ အမှုထမ်း ၇ ဦး သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာ

ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) ဟာ ဧပြီလတုန်းက သူ့ရဲ့ ရဟတ်ယာဉ် ၂ စင်း ဝင်တိုက်မှုမှာ ပျောက်ဆုံးနေခဲ့တဲ့ အမှုထမ်း ၇ ဦးဟာ သေဆုံးသွားပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အဲဒီမတော်တဆမှုကြောင့် ရဟတ်ယာဉ် ၂ စင်းပေါ်က အမှုထမ်း ၈ ဦးစလုံး သေဆုံးသွားပြီ ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီရဟတ်ယာဉ်တွေဟာ ဧပြီလ ၂၀ ရက်နေ့က Izu ကျွန်းစုထဲက Torishima ကျွန်းအနီး ပစိဖိတ်သမုဒ္ဒရာမှာ တိုက်မိခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ အသံလှိုင်းနဲ့ ဝတ္ထုရှာဖွေတဲ့ ကိရိယာတွေ သုံးပြီး ရေငုပ်သင်္ဘောတွေကို တိုက်ခိုက်တဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

အမှုထမ်း ၈ ဦးထဲက ၁ ဦး သေဆုံးသွားပြီဆိုတာကို အလျင်အမြန် အတည်ပြုနိုင်ခဲ့ပြီး ကျန် ၇ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သတ်မှတ်ထားခဲ့ပါတယ်။

MSDF က ပျောက်ဆုံးနေသူတွေ သေဆုံးသွားပြီဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ရဟတ်ယာဉ်တွေ ပျက်ကျပြီး ၂ လနီးပါး ကြာပြီးနောက် အသက်ရှင်နိုင်ခြေ နည်းတာကြောင့်လို့ ပြောပါတယ်။

MSDF ဟာ သေဆုံးသွားတဲ့ အမှုထမ်း ၁ ဦးစီကို ရာထူးတစ်ဆင့်တိုးမြှင့်ပေးပြီး သူတို့ရဲ့ ဈာပနအခမ်းအနားကို အခုလနှောင်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

MSDF ဟာ အမှုထမ်း ၇ ဦးရဲ့ ရုပ်အလောင်းတွေနဲ့ ရဟတ်ယာဉ်ရဲ့ အပျက်အစီးတွေကို ဆက်လက် ရှာဖွေမှာ ဖြစ်ပါတယ်။ အဲဒီဝင်တိုက်မှု ဖြစ်ရတဲ့ အကြောင်းအရင်းကို သိရဖို့အတွက် ပြန်လည်ရှာဖွေတွေ့ရှိထားတဲ့ ပျံသန်းမှုမှတ်တမ်းစက်တွေကိုလည်း MSDF က လေ့လာသုံးသပ်နေပါတယ်။