ဂျပန်ရဲ့ ကလေးမွေးဖွားနှုန်းကျဆင်းမှုကြောင့် ဖြစ်နိုင်ခြေရှိတဲ့သက်ရောက်မှုကို ၈၀ ရာခိုင်နှုန်းကျော်က စိုးရိမ်လို့ NHK စစ်တမ်းမှာ ပြသ

NHK က ကောက်ယူခဲ့တဲ့ လတ်တလောနောက်ဆုံးစစ်တမ်းမှာ ဖြေဆိုသူ ၈၀ ရာခိုင်နှုန်းကျော်က ဂျပန်ရဲ့ ကလေးမွေးဖွားနှုန်းကျဆင်းမှုကြောင့် လူ့အဖွဲ့အစည်းအပေါ်သက်ရောက်မှုတွေနဲ့ပတ်သက်ပြီး အကျပ်အတည်းတစ်ခုလို့ ခံစားရတာကို ညွှန်ပြနေပါတယ်။

NHK ဟာ တနင်္ဂနွေနေ့အထိ သုံးရက်ကြာကာလအတွင်း ကျဘမ်းတယ်လီဖုန်းဆက်သွယ်ပြီး စစ်တမ်းကောက်ယူခဲ့ပါတယ်။ လူ ၁,၁၉၂ ဦး တနည်းအားဖြင့် ဆက်သွယ်ခဲ့သူတွေရဲ့ ၄၉ ရာခိုင်နှုန်းဆီက တုံ့ပြန်မှုရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ အစိုးရစာရင်းဇယားတွေအရ နိုင်ငံရဲ့ စုစုပေါင်းကလေးမွေးဖွားနှုန်းဟာ ၂၀၂၃ ခုနှစ်မှာ ၁.၂၀ သို့ ကျဆင်းသွားခဲ့တာကို ပြသနေပါတယ်။ ဒါဟာ ၁၉၄၇ ခုနှစ်မှာ မှတ်တမ်းရယူထိန်းသိမ်းခဲ့ချိန်ကစပြီး စံချိန်တင်အနိမ့်ဆုံးဖြစ်ပါတယ်။ ဒီကိန်းဂဏန်းက အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ဘဝတစ်သက်တာအတွင်း မွေးဖွားတဲ့ ကလေးအရေအတွက်ကို ကိုယ်စားပြုပါတယ်။

NHK ရဲ့ စစ်တမ်းအရ ဖြေဆိုသူတွေရဲ့ ၅၄ ရာခိုင်နှုန်းက ကျဆင်းနေတဲ့ကလေးမွေးဖွားနှုန်း ရဲ့ လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး ကြီးမားတဲ့အကျပ်အတည်းကို ခံစားရတယ်လို့ ဆိုပါတယ်။ ၃၁ ရာခိုင်နှုန်းက သူတို့ဟာ အတိုင်းအတာတစ်ခုအထိ အကျပ်အတည်းခံစားရတယ်လို့ ဆိုပါတယ်။ ၆ ရာခိုင်နှုန်းက သူတို့ဟာ အမှန်တကယ်တော့ ထိတ်လန့်တာမျိုးမရှိဘူးဆိုတာနဲ့ ၂ ရာခိုင်နှုန်းက ထိတ်လန့်တာမျိုး လုံးလုံးမဖြစ်ဘူးလို့ ပြောပါတယ်။