ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီချမှတ်

အမေရိကန်သမ္မတ Joe Biden က ကြေညာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်သစ်ကို သဘောတူဖို့ အစ္စရေးနဲ့ ဟားမတ်စ်နှစ်ဘက်စလုံးကို တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်လိုက်ပါတယ်။

ဂါဇာကမ်းမြောင်မှာ သီတင်းခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွှတ်ပေးရေးတို့ပါဝင်တဲ့ အဆင့်သုံးဆင့်ပါ အဆိုပြုချက်ကို မေလ ၃၁ ရက်မှာ မစ္စတာ Biden က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအဆိုပြုချက်ကို ထောက်ခံဖို့ အမေရိကန်ပြည်ထောင်စုက ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီဆီ တင်သွင်းခဲ့ပါတယ်။

တနင်္လာနေ့မှာတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ၁၄ နိုင်ငံဟာ အဲဒီဆုံးဖြတ်ချက်ကို ချမှတ်ဖို့ မဲပေးခဲ့ကြပါတယ်။ ရုရှားကတော့ သူ့ရဲ့ဗီတိုအာဏာကို မသုံးဘဲ မဲမပေးဘဲနေခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Linda Thomas-Greenfield က “ဒီကောင်စီက ဟားမတ်စ်ဆီ သတင်းစကားကို ရှင်းရှင်းလင်းလင်းပေးပို့ခဲ့တယ်၊ ဆွေးနွေးမှုတွေလုပ်ပြီးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ခံပါ” လို့ ပြောကြားခဲ့ပါတယ်။

အစ္စရေးက သဘောတူညီချက်ကို သဘောတူထားပြီးဖြစ်တဲ့အတွက် ဟားမတ်စ်က အဲဒီအတိုင်းလုပ်မယ်ဆိုရင် တိုက်ပွဲတွေ ဒီနေ့ရပ်သွားနိုင်တယ်လို့ မီးစ် Greenfield က ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် Vasily Nebenzia က အပစ်အခတ်ရပ်စဲရေး လိုအပ်တယ်ဆိုတာ အသိအမှတ်ပြုခဲ့ပေမဲ့ အမေရိကန်က ပြောသလိုမျိုး အစ္စရေးကအပစ်အခတ်ရပ်စဲရေးကို အမှန်တကယ်ရော သဘောတူထားရဲ့လားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

အစ္စရေးက ဟားမတ်စ်တွေကို အပြတ်မရှင်းနိုင်မချင်း တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲဖို့ အသင့်ရှိတယ်လို့ မစ္စတာ Nebenzia က မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။