ရုရှားရဲ့ နည်းဗျူဟာမြောက် နျူကလီးယား စစ်ရေးလေ့ကျင့်မှုမှာ ဘဲလာရုစ် ပါဝင်

ရုရှရဲ့ မဟာမိတ်ဖြစ်တဲ့ ဘဲလာရုစ်နိုင်ငံက ကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့တပ်ဖွဲ့တွေဟာ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေ ဖြန့်ကျက်တယ်ဆိုတဲ့ သဏ္ဌာန်လုပ် ရုရှားစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်နေတယ်လို့ ပြောဆိုပါတယ်။

ဘဲလာရုစ်လက်နက်ကိုင်တပ်ဖွဲ့က တပ်စုတွေဟာ ရုရှားစစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်မှာ ပါဝင်နေတယ်လို့ ဘဲလာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေဟာ ရန်လိုတဲ့စစ်ရေးမူဝါဒကို ကျင့်သုံးနေပြီး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုအတွက် အဆင်သင့်မရှိဘူးလို့ပြောပြီး ဒေသတွင်းမှာ တင်းမာမှုတွေဖြစ်အောင် ခြေရှုပ်နေတယ်လို့ ဘဲလာရုစ် ကာကွယ်ရေးဝန်ကြီး Viktor Khrenin က အနောက်နိုင်ငံတွေကို အပြစ်တင်ဝေဖန်ခဲ့ပါတယ်။

မစ္စတာ Khrenin က သူ့နိုင်ငံနဲ့ ရုရှားတို့အပေါ် ခြိမ်းခြောက်မှုမှန်သမျှကို တုံ့ပြန်ဖို့ အရင်ကထက်ပိုပြီး စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောပါတယ်။

ယူကရိန်းမှာ ရုရှားရဲ့ထိုးစစ်အတွက် အခြေစိုက်စခန်းအဖြစ် အသုံးပြုနေတဲ့ တောင်ပိုင်းစစ်ခရိုင်မှာ ပထမအဆင့်စစ်ရေးလေ့ကျင့်မှု စတင်တာကို ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ရုရှရဲ့ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေကို ဘဲလာရုစ်မှာ ဖြန့်ကျက်ချထားပေမဲ့ အဲဒီလက်နက်တွေပါဝင်တဲ့စစ်ရေးလေ့ကျင့်မှုမှာ ရုရှားရဲ့ မဟာမိတ် ဘဲလာရုစ် ပထမဆုံးအကြိမ် ပါဝင်တာဖြစ်ပါတယ်။