ဘေးကင်းစိတ်ချရေးစမ်းသပ်မှုကို သက်သေထူဖို့ Honda နဲ့ Mazda တို့ကို စုံစမ်းစစ်ဆေး

ဂျပန်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက စစ်ဆေးရေးမှူးအဖွဲ့ဟာ Honda Motor နဲ့ Mazda Motor တို့ရဲ့ ရုံးတွေဆီ သွားရောက်ခဲ့ကြပါတယ်။ သူတို့ဟာ လမ်းနဲ့ ဘေးကင်းစိတ်ချရေးစစ်ဆေးမှုတွေမှာ လိမ်လည်ထားတယ်ဆိုတဲ့ အဲဒီကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်ကို စုံစမ်းစစ်ဆေးနေပါတယ်။ Honda နဲ့ Mazda တို့ဟာ စမ်းသပ်မှုရလဒ်တွေကို မမှန်မကန်ပြုထားတယ်ဆိုတာ ပေါ်ထွက်လာလို့ စစ်ဆေးခံရတဲ့ မော်တော်ကားထုတ်လုပ်တဲ့ကုမ္ပဏီ ငါးခုထဲက နောက်ဆုံးကျန်တဲ့ ကုမ္ပဏီ နှစ်ခု ဖြစ်ပါတယ်။

အရာရှိငါးဦးပါ အဖွဲ့တစ်ဖွဲ့ဟာ တနင်္လာနေ့မနက်က တိုကျိုမှာရှိတဲ့ Honda ရဲ့ ရုံးချုပ်ကိုရောက်ရှိခဲ့ပါတယ်။

အခုအခါ မထုတ်လုပ်တော့တဲ့ မော်ဒယ် ၂၂ မျိုး ကို ဆူညံသံနဲ့ ပတ်သက်တဲ့စစ်ဆေးမှုတွေမှာ နည်းမှန်လမ်းမှန်နဲ့ မလုပ်ဆောင်ခဲ့ဘူးလို့ ဝန်ကြီးဌာနက ပြောပါတယ်။ မော်တော်ကားတွေရဲ့ အလေးချိန်ဟာလည်း သတ်မှတ်ထားတဲ့အတိုင်းအတာထက် ကျော်လွန်နေတယ်လို့ ဆိုပါတယ်။ အဲဒီအချက်ကို စမ်းသပ်မှုအစီရင်ခံစာတွေထဲမှာ ဖော်ပြထားတာမျိုးမရှိပါဘူး။

Honda ဟာ သူ့ရဲ့ မော်တော်ယာဉ်မော်ဒယ်တချို့အတွက် အင်ဂျင်စွမ်းဆောင်ရည်စမ်းသပ်မှုအတွက် ကိန်းဂဏန်းတွေကို မမှန်မကန်ပြုလုပ်ခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။

အရာရှိလေးဦးပါတဲ့ တခြားအဖွဲ့တစ်ဖွဲ့ဟာ ဟီရိုရှိမာ့ ခရိုင်မှာရှိတဲ့ Mazda ရဲ့ရုံးချုပ်ကို မွန်းလွဲပိုင်းမှာ ရောက်ရှိခဲ့ပါတယ်။ Mazda ဟာ ထုတ်လုပ်ဆဲ မော်ဒယ်နှစ်မျိုးအပါအဝင် မော်ဒယ်ငါးမျိုးအတွက် စမ်းသပ်မှုရလဒ်တွေကို လိုသလိုပြင်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။

အဲဒီမော်ဒယ်နှစ်မျိုးအတွက် အင်ဂျင်ရဲ့စွမ်းဆောင်ရည်စမ်းသပ်မှုမှာ အသုံးပြုတဲ့ ဆော့ဖ်ဝဲကိုကုမ္ပဏီက အသစ်ပြင်ခဲ့ပါတယ်။ Mazda ဟာ မော်ဒယ်နှစ်မျိုးလုံးကို ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

မထုတ်တော့တဲ့ မော်ဒယ်သုံးမျိုးအတွက် ယာဉ်တိုက်မှုဆိုင်ရာစမ်းသပ်မှုတွေကို မှန်မှန်ကန်ကန် မလုပ်ဆောင်ခဲ့ဘူးဆိုတာကိုလည်း Mazda က ပြောပါတယ်။