Noto ငလျင်ဆိုင်ရာ အစီရင်ခံစာမှာ ဘေးအန္တရာယ်တုံ့ပြန်မှုတွေ ကောင်းမွန်လာဖို့ အဆင့်မြင့်နည်းပညာဒရုန်းတွေ အသုံးပြုဖို့ တောင်းဆိုထား

ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်မှုတွေ တိုးတက်ကောင်းမွန်လာစေဖို့ ဒရုန်းနဲ့ တခြားအဆင့်မြင့်နည်းပညာတွေကို အသုံးပြုဖို့ ဂျပန်အစိုးရရဲ့ အစီရင်ခံစာမှာ တောင်းဆိုထားပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ အစိုးရလုပ်ငန်းအဖွဲ့ အစီရင်ခံစာမှာ Noto ကျွန်းဆွယ်မှာ နှစ်ဆန်းတစ်ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်မှုအပေါ် အာဏာပိုင်တွေက ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတာကို စိစစ်လေ့လာထားပါတယ်။

ဒီငလျင်က နေဝင်ခါနီး အချိန်မှာ လှုပ်ခဲ့တာကလည်း အကြောင်းရင်း တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပေမဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ ထောက်ပံ့ရေးပစ္စည်း သယ်ယူပို့ဆောင်ရေးအတွက် အကဲဖြတ်ရာမှာ နှောင့်နှေးမှုတွေရှိခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒီကျွန်းဆွယ်မှာ လမ်းတွေ ပြတ်တောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီအစီရင်ခံစာမှာ ဘေးအန္တရာယ်တုံ့ပြန်မှုတွေ ပိုမိုကောင်းမွန်လာစေဖို့ အစီအမံတွေကို စာရင်းပြုစုထားပါတယ်။ အဲဒီထဲမှာ ဘေးသင့်ဒေသတွေမှာ ၂၄ နာရီလုံး သတင်းအချက်အလက် စုဆောင်းတာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်မြင့် ဒရုန်းတွေ အပါအဝင် ခေတ်မီနည်းပညာ အသုံးပြုတာတွေ ပါဝင်ပါတယ်။ လမ်းတွေပြုပြင်ဖို့အတွက် လုပ်ငန်းစဉ်တွေကို ကြိုတင်ချမှတ်ထားဖို့လည်း ပါဝင်ပါတယ်။

အစီရင်ခံစာထဲမှာ ရေပေးဝေမှု အချိန်အကြာကြီး ပြတ်တောက်တာဟာ အရေးပေါ်ခိုလှုံရေးစခန်းတွေက သန့်ရှင်းရေးအခြေအနေတွေကို ထိခိုက်စေတယ်လို့ ထောက်ပြထားပါတယ်။ အရေးပေါ်ရေတွင်းတွေ၊ အိမ်သာ ဖူလုံရေး အစီအစဉ်တွေနဲ့ ယာဉ်နောက်တွဲအိမ်တွေကို အလျင်အမြန် ပို့ဆောင်ပေးတဲ့စနစ် စတာတွေကို တောင်းဆိုထားပါတယ်။

တနင်္လာနေ့က လုပ်ငန်းအဖွဲ့အစည်းအဝေးမှာ ၀န်ကြီးချုပ် Kishida Fumio က ကျွမ်းကျင်သူတွေရဲ့ အမြင်တွေကို နားထောင်ပြီး နောက်ထပ် စိစစ်သုံးသပ်မှုတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဘေးအန္တရာယ်တုံ့ပြန်ရေး အစီအမံတွေကို အရှိန်မြှင့်လုပ်ဆောင်ရင်း ငလျင်ဒဏ်ခံဒေသတွေ ပြန်လည်တည်ဆောက်ရေးအတွက် အစိုးရအနေနဲ့ အစွမ်းကုန် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

မစ္စတာ Kishida က ငလျင်ဘေးသင့်ဒေသ ထောက်ပံ့ရေးအတွက် အစိုးရရန်ပုံငွေတွေကို ပဉ္စမအကြိမ်မြောက် ထည့်သွင်းသွားဖို့ အစီအစဉ်တွေ လုပ်ဆောင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။