ဂျပန်နိုင်ငံရဲ့ ဖမ်းဆီးထိန်းသိမ်းမှုနဲ့ ပြည်နှင်မှု စည်းမျဉ်းတွေရဲ့ အဓိကပြောင်းလဲမှုများ

တနင်္လာနေ့မှာ စတင်အသက်ဝင်ခဲ့တဲ့ ဥပဒေပြန်လည်ပြင်ဆင်ချက်တွေမှာ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးထိန်းသိမ်းတာ ဒါမှမဟုတ် ပြည်နှင်တာတွေကို ဘယ်လိုလုပ်ဆောင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ အပြောင်းအလဲတွေ ရှိလာပါတယ်။

အဓိက အပြောင်းအလဲ တစ်ခုကတော့ ခိုလှုံခွင့်တောင်းခံတဲ့ နိုင်ငံခြားသားတွေအတွက် နေရပ်ပြန်ပို့တာနဲ့ ပတ်သက်တဲ့ ခြွင်းချက်တစ်ခု ထည့်သွင်းတာပဲ ဖြစ်ပါတယ်။

အဲဒီဥပဒေမှာ နိုင်ငံခြားသားတွေက သူတို့ရဲ့ ဗီဇာသက်တမ်း ကျော်လွန်မယ်ဆိုရင်၊ တရားမဝင် အလုပ်လုပ်ကိုင်မှု ဒါမှမဟုတ် ကြီးလေးတဲ့ ရာဇ၀တ်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်ခံရတာတွေ ရှိမယ်ဆိုရင် ဂျပန်နိုင်ငံအနေနဲ့ ပြည်နှင်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေအတွက် သူတို့ရဲ့ တောင်းဆိုမှုတွေကို စစ်ဆေးနေချိန်မှာ ပြည်နှင်တဲ့ လုပ်ငန်းစဉ်တွေ ဆိုင်းငံ့ထားပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီက တချို့ နိုင်ငံခြားသားတွေဟာ နေရပ်ပြန်ပို့တာကို ရှောင်ရှားဖို့အတွက် လျှောက်လွှာတွေကို ထပ်ခါတလဲလဲ တင်နေကြတယ်လို့ ဆိုပါတယ်။

ဒီလို စနစ်ကို အလွဲသုံးစားလုပ်မှုတွေဟာ စစ်ဆေးရေး လုပ်ငန်းစဉ်တွေကို အချိန်ကြာစေပြီး ဒီဥပဒေအောက်မှာ ဂျပန်ကနေ ထွက်ခွာရမယ့်သူတွေကို ပြန်ပို့ဖို့ ပျက်ကွက်တာတွေကို ဖြစ်စေမယ်လို့ အဲဒီအေဂျင်စီက ဆိုပါတယ်။

ပြန်လည်ပြင်ဆင်ထားတဲ့ အဲဒီဥပဒေမှာ ပြည်နှင်ခြင်းလုပ်ငန်းစဉ် ဆိုင်းငံ့ခြင်းဆိုင်ရာ ခြွင်းချက်တစ်ရပ်ကို သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။

အခုအခါမှာ ၃ ကြိမ်နဲ့အထက် ခိုလှုံခွင့်လျှောက်ထားတဲ့ နိုင်ငံခြားသားတွေဟာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုဖို့ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တွေ မပေးနိုင်ဘူးဆိုရင် ပြည်နှင်ခံရမှာ ဖြစ်ပါတယ်။

စည်းမျဉ်းသစ်အရ ဂျပန်မှာ ၃ နှစ် ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ ထောင်ဒဏ် ချမှတ်ခံရသူတွေနဲ့ အကြမ်းဖက်သမားအဖြစ် အသိအမှတ်ပြုခံရသူတွေကိုလည်း အာဏာပိုင်တွေအနေနဲ့ ဆိုင်းငံ့ခြင်းမရှိဘဲ ပြည်နှင်နိုင်ပါတယ်။

နောက်ထပ်အဓိကအချက်တစ်ခုကတော့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ ထိန်းသိမ်းမှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို ပြန်လည်သုံးသပ် ပြင်ဆင်ထားတာပဲဖြစ်ပါတယ်။

အခုအချိန်အထိ ပြည်နှင်တဲ့ အကြောင်းကြားစာ ထုတ်ပြန်ခံရသူတွေ၊ နေရပ်ပြန်ပို့ရေး စစ်ဆေးခံနေရသူတွေနဲ့ အဲဒီလိုဆောင်ရွက်ဖို့ အမိန့်ထုတ်ခံရပြီးနောက် နိုင်ငံတွင်းက ထွက်ခွာဖို့ ငြင်းဆိုနေသူတွေကို မူအားဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနမှာ ထိန်းသိမ်းထားခဲ့ပါတယ်။

ဒါဟာ အချိန်ရှည်ကြာ ချုပ်နှောင်တာတွေ မကြာခဏ ဖြစ်ပေါ်စေပြီး အချုပ်သားတွေမှာ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်လာစေနေတယ်လို့ ဆိုပါတယ်။

ဒါအပြင် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုအေဂျင်စီက ကျန်းမာရေးနဲ့ တခြားအကြောင်းပြချက်တွေအတွက် ယာယီလွှတ်ပေးတဲ့စနစ်မှာ အဲဒီသူတွေကို ပုဂ္ဂလိက အာမခံပေးသူတွေမှာ တရားဝင်တာဝန်မရှိတာကြောင့် အဲဒီသူတွေ ထွက်ပြေးတာကို တားဆီးဖို့ လုံလောက်တဲ့ အစီအမံတွေ မရှိဘူးလို့ ဆိုပါတယ်။

ပြန်လည်ပြင်ဆင်ထားတဲ့ ဥပဒေမှာ ပြည်နှင်ခံထားရသူတွေအနေနဲ့ အတည်ပြုချက်ရမယ်ဆိုရင် ကြီးကြပ်သူတွေရဲ့ စောင့်ကြပ်မှုအောက်မှာ ထိန်းသိမ်းရေးစခန်းတွေရဲ့ ပြင်ပမှာ နေထိုင်ဖို့ ခွင့်ပြုထားပါတယ်။ ကြီးကြပ်သူတွေအနေနဲ့ သူတို့တာဝန်ယူထားသူတွေ ဂျပန်မှာ ဘယ်လိုနေထိုင်နေတယ်ဆိုတာကို သိရှိနေဖို့ လိုအပ်ပါတယ်။

တရားမဝင် အလုပ်လုပ်ကိုင်တာ ဒါမှမဟုတ် ထွက်ပြေးနိုင်ခြေ စတာတွေကို တွေ့ရှိတဲ့အခါ ဒါမှမဟုတ် အာဏာပိုင်တွေဆီက သတင်းအချက်အလက်တောင်းခံလာတဲ့အခါမှာ ကြီးကြပ်သူတွေဟာ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေဆီ သတင်းပို့ဖို့ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို ပျက်ကွက်မယ်ဆိုရင် ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်မှာဖြစ်ပါတယ်။

အဲဒီလိုပဲ နိုင်ငံခြားသားတွေဟာလည်း သူတို့ရဲ့ နေထိုင်မှုဆိုင်ရာ အစီရင်ခံစာကို လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေဆီ အစီရင်ခံဖို့ တာဝန်ရှိပြီး သူတို့ကို ထပ်မံထိန်းသိမ်းဖို့ လိုအပ်မှု ရှိမရှိ ၃ လတစ်ကြိမ် ပြန်လည်စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

ထိန်းသိမ်းရေးစခန်းတွေက ယာယီလွှတ်ပေးရေးစနစ်ကို အခုအခါမှာ ကျန်းမာရေး အကြောင်းပြချက်တွေအတွက်ပဲ ကန့်သတ်ထားမှာ ဖြစ်ပါတယ်။