ယူကရိန်းကိုကူညီရေး ရုရှားရဲ့ပိုင်ဆိုင်မှုတွေကို ဘယ်လိုအသုံးပြုမလဲဆိုတာ ပြင်သစ်သမ္မတနဲ့ သဘောတူထားတယ်လို့ အမေရိကန်သမ္မတပြောဆို

ပိတ်သိမ်းထားတဲ့ ရုရှားရဲ့ပိုင်ဆိုင်မှုတွေကနေ ရတဲ့အကျိုးအမြတ်တွေကို ယူကရိန်းကိုကူညီရေး ဘယ်လိုအသုံးပြုမလဲဆိုတာနဲ့ပတ်သက်ပြီး ပြင်သစ်သမ္မတ Emmanuel Macron နဲ့ သဘောတူညီချက်ရရှိခဲ့တယ်လို့ အမေရိကန်သမ္မတ Joe Biden က ပြောပါတယ်။

ဒီကိစ္စကို မစ္စတာ Macron နဲ့ဆွေးနွေးခဲ့သလားဆိုတာနဲ့ သဘောတူညီချက်တစ်ခုရခဲ့သလားလို့ သတင်းထောက်တစ်ယောက်ကတနင်္ဂနွေနေ့မှာ မေးမြန်းတဲ့အခါ မစ္စတာ Biden က "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့ ပြင်သစ်မှာ ရောက်နေတဲ့ မစ္စတာ Biden က အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိပါဘူး။

ခုနစ်နိုင်ငံအုပ်စု (G7) ဟာပိတ်သိမ်းထားတဲ့ ရုရှားဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေကနေ ရရှိလာတဲ့ အကျိုးအမြတ်ငွေတွေကို ယူကရိန်းအတွက် ထောက်ပံ့ဖို့ စဉ်းစားနေပါတယ်။ ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားကို ဒဏ်ခတ်အရေးယူဖို့ အဲဒီပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းထားခဲ့ပါတယ်။

ပိတ်သိမ်းထားတဲ့ပိုင်ဆိုင်မှုတွေကနေ တစ်နှစ်လျှင် အမြတ်ငွေ ဒေါ်လာ ၃ ဘီလီယံမှ ၅ ဘီလီယံအထိ ရှိလာမယ်လို့ အမေရိကန်က ခန့်မှန်းထားပါတယ်။ ယူကရိန်းကို ချေးငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံအထိ ထောက်ပံ့ပေးရာမှာ အဲဒီအမြတ်ငွေတွေကို စရံအဖြစ် အမေရိကန်ပြည်ထောင်စုက အသုံးပြုဖို့လိုလားနေပါတယ်။

ကြာသပတေးနေ့ကျရင် အီတလီမှာ စတင်မယ့် သူတို့ရဲ့ ထိပ်သီးအစည်းအဝေးမှာ G7 နိုင်ငံခေါင်းဆောင်တွေဟာ အဲဒီကိစ္စကို ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။