ယူကရိန်းမှာ မေလအတွင်း အရပ်သား အနည်းဆုံး ၁၇၄ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ကပြော

မေလအတွင်း ယူကရိန်းမှာ အရပ်သား အနည်းဆုံး ၁၇၄ ဦး သေဆုံးပြီး ၆၉၀ ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လကစပြီးကြည့်ရင် လစဉ်အရပ်သားသေဆုံးမှု အများဆုံးဖြစ်တယ်လို့ ယူကရိန်းရှိ ကုလသမဂ္ဂလူ့အခွင့်အရေးစောင့်ကြည့်ရေးမစ်ရှင်က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

မေလ ၁၀ ရက်မှာ ရုရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူကရိန်းရဲ့မြောက်ပိုင်းနယ်နိမိတ်ကို ကျော်လွန်ပြီး Kharkiv မြို့နဲ့ အရှေ့ပိုင်းဒေသရှိ တခြားနေရာတွေမှာ ရုရှားတပ်ဖွဲ့တွေရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့် အသေအပျောက် များပြားရတာဖြစ်တယ်လို့ အဲဒီ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ တနင်္ဂနွေနေ့က ရုရှားတပ်ဖွဲ့တွေဟာ Kharkiv ဒေသထဲမှာထိုးစစ်ပြုလုပ်ခဲ့ပြီး အဲဒီက နေအိမ်တွေပျက်စီးခဲ့ရပါတယ်။

ဒီအတောအတွင်း အမေရိကန်ရုပ်သံကွန်ရက် CBS နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အမေရိကန်အိမ်ဖြူတော် နိုင်ငံ့လုံခြုံရေးအကြံပေး Jake Sullivan က Kharkiv မှာ ရုရှားရဲ့ စစ်ဆင်ရေး အရှိန်အဟုန် ရပ်တန့်သွားပြီလို့ ပြောပါတယ်။

"Kharkiv ဟာ ခြိမ်းခြောက်ခံနေရဆဲပါ၊ ဒါပေမဲ့ ရုရှားတွေဟာ မကြာသေးတဲ့ရက်ပိုင်းအတွင်း အဲဒီဧရိယာမှာ လက်တွေ့မှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုရအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး" လို့ သူက ပြောပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရုရှားစစ်တပ်ဟာ သူတို့ရဲ့ Kharkiv စစ်ဆင်ရေး မအောင်မြင်ခဲ့ဘူးလို့ စနေနေ့က ထုတ်ပြန်ခဲ့တဲ့ဗီဒီယိုမှာ ပြောဆိုထားပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းပိုင်နက်အတွင်းသို့ ဝင်ရောက်လာတဲ့ ရုရှားတပ်ဖွဲ့တွေကို ချေမှုန်းနေတယ်လို့လည်း သူက ပြောပါတယ်။

ရုရှားစစ်တပ်ဟာ အရေအတွက်အတိအကျမပြောနိုင်တဲ့ တပ်ဖွဲ့ဝင်တွေကို Kherson ကို ဦးတည်ရာကနေ Kharkiv ကို ဦးတည်ပြောင်းရွှေ့နေတယ်လို့ သိရတဲ့အကြောင်း အမေရိကန်ပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Institute for the Study of War က စနေနေ့က သူ့ရဲ့ အကဲဖြတ်ချက်မှာ ပြောဆိုထားပါတယ်။