အစ္စရေးဓားစာခံကယ်တင်ရေးစစ်ဆင်ရေးမှာ ပါလက်စတိုင်း ၂၇၄ ဦး သေဆုံးလို့ ဂါဇာအာဏာပိုင်တွေပြော

Nuseirat မှာ စနေနေ့က အစ္စရေးစစ်တပ်ကလုပ်ဆောင်ခဲ့တဲ့ ဓားစာခံကယ်တင်ဖို့ စစ်ဆင်ရေးမှာ သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်းအရေအတွက်ဟာ ၂၇၄ ဦးအထိ တိုးလာခဲ့ပြီး ဒဏ်ရာရသူ ၆၉၈ ဦးရှိတယ်လို့ ဂါဇာ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံ ၄ ဦးကို ကယ်တင်ဖို့ စစ်ဆင်ရေးကို ဂါဇာကမ်းမြောင်အလယ်ပိုင်းအရပ်က လူအများအပြား ဈေးဝယ်ထွက်တဲ့ ဈေးတစ်ခုမှာစနေနေ့ မနက် ၁၁ နာရီက စတင်ခဲ့ပါတယ်။

ဓားစာခံတွေ လွတ်မြောက်ရေးကြိုးပမ်းနေချိန်မှာ သူ့ရဲ့တပ်ဖွဲ့တွေနဲ့ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေအကြား ပြင်းထန်တဲ့ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ လေကြောင်းကနေ တိုက်ခိုက်မှုကိုလည်း လုပ်ခဲ့တယ်လို့လည်း ပြောပါသေးတယ်။

တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ Reuters သတင်းဌာနရဲ့ ဗီဒီယိုမှတ်တမ်းမှာ အဆောက်အအုံ အများအပြားပျက်စီးနေတာကို မြင်တွေ့ရပြီး လမ်းတွေပေါ်မှာဆိုရင်လည်း အပျက်အစီး တွေ၊ ထိခိုက်ပျက်စီးသွားတဲ့ မော်တော်ယာဉ်တွေနဲ့ ပြည့်နေပါတယ်။ ဂါဇာမှာရှိတဲ့ အာဏာပိုင်တွေက နေအိမ် နဲ့ တခြားအဆောက်အအုံ ၈၉ လုံး ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။

ဟားမတ်စ်ရဲ့ စစ်တပ်က အဲဒီနေ့မှာပဲ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ အစ္စရေးရဲ့ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခံ သုံးဦး သေဆုံးခဲ့ပြီး အဲဒီအထဲက တစ်ယောက်ဟာ အမေရိကန်နိုင်ငံသား ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်ထိုးစစ်တွေကို တနင်္ဂနွေနေ့မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဟားမတ်စ်တွေကို ချေမှုန်းရေး ရည်မှန်းချက် မအောင်မြင်ဘဲနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ လက်ရှိပဋိပက္ခစတင်ခဲ့ချိန်ကစပြီး သေဆုံးသူ ၃၇,၀၈၄ ဦးအထိ မြင့်တက်လာပြီလို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။