ဥရောပပါလီမန်ရွေးကောက်ပွဲတွေမှာ လက်ယာစွန်းပါတီတွေ ကြီးကြီးမားမား အနိုင်ရမယ်လို့ ခန့်မှန်းရ

ဥရောပပါလီမန်က ထုတ်ပြန်တဲ့ ကနဦးခန့်မှန်းချက်တွေအရ ဥရောပရွေးကောက်ပွဲတွေမှာ လက်ယာယိမ်းနဲ့ လက်ယာစွန်းပါတီတွေက ကြီးကြီးမားမား အနိုင်ရဖွယ်ရှိတာကို တွေ့ရပါတယ်။

ကြာသပတေးနေ့ကနေ တနင်္ဂနွေနေ့အထိ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် ၂၇ နိုင်ငံမှာ ရွေးကောက်ပွဲအတွက် မဲပေးခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံမှာ သမ္မတ Emmanuel Macron ဦးဆောင်တဲ့ အာဏာရ ညွန့်ပေါင်းပါတီတွေထက် လက်ယာစွန်း National Rally ပါတီက ကြီးကြီးမားမား အနိုင်ရမယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီပါတီဟာ မစ္စတာ Macron ရဲ့ ဥရောပလိုလားတဲ့ ညွန့်ပေါင်းအဖွဲ့ထက် အမတ်နေရာ နှစ်ဆပိုရနိုင်တယ်လို့ မျှော်လင့်ရပါတယ်။

ပြင်သစ်ရဲ့ အဲဒီလက်ယာစွန်းပါတီဟာ ဥရောပပေါင်းစည်းရေး မြှင့်တင်လုပ်ဆောင်တာနဲ့ပတ်သက်ပြီး EU ကို ဆန့်ကျင်နေပါတယ်။

တစ်ဘက်မှာ မစ္စတာ Macron က လွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး အခုလအနှောင်းပိုင်းမှာ ပထမအကျော့ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအသစ်တွေ တောင်းဆိုခဲ့ပါတယ်။

အမျိုးသားရေးဝါဒီတွေ အင်အားကောင်းလာတာနဲ့ မလေ့လာဘဲဆုံးဖြတ်သူတွေလို့ သူက ခေါ်ဆိုသူတွေဟာ ပြင်သစ်နဲ့ ဥရောပအတွက် အန္တရာယ်တစ်ခုဖြစ်တယ်လို့ မစ္စတာ Macron က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲကနေ ပြင်သစ်နိုင်ငံရဲ့ အနာဂတ်ကို ရွေးချယ်ရေးကို ပြည်သူတွေရဲ့လက်ထဲ ပြန်လည်ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

အမတ်နေရာ ၇၂၀ ရှိတဲ့ ဥရောပပါလီမန်မှာ လက်ယာယိမ်းနဲ့ EU ကို သံသယရှိနေတဲ့ လက်ယာစွန်းပါတီတွေ ပါဝင်တဲ့ အုပ်စုနှစ်စုက သူတို့ရဲ့ အမတ်နေရာအရေအတွက်ကို ၁၃၀ ဝန်းကျင်အထိ တိုးမြှင့်ရရှိဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

ဥရောပ လိုလားတဲ့ ဗဟိုလက်ယာနဲ့ လက်ဝဲယိမ်းပါတီတွေရဲ့ အဓိကကျတဲ့ ပါလီမန်ဆိုင်ရာ အဖွဲ့သုံးဖွဲ့က အများစုအင်အားကို ဆက်လက်ထိန်းထားမယ့် အနေအထားရှိနေပါတယ်။