အိန္ဒိယမှာ BJP ပါတီ အင်အားလျော့ကျခဲ့တဲ့အကြား လက်ရှိဝန်ကြီးချုပ် တတိယအကြိမ်မြောက်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့

အခုနောက်ဆုံး အထွေထွေရွေးကောက်ပွဲမှာ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ရဲ့ပါတီက ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က အမတ်နေရာအများစုအင်အား အနိုင်ရရှိခဲ့တဲ့နောက် မစ္စတာ Modi ဟာ ၃ ကြိမ်ဆက်တိုက်အဖြစ် ၀န်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပါတယ်။

မစ္စတာ Modi ဟာ မြို့တော်နယူးဒေလီက သမ္မတအိမ်တော်မှာ တနင်္ဂနွေနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်သူပြည်သားအားလုံးအပေါ် မှန်မှန်ကန်ကန် လုပ်ဆောင်သွားမယ်လို့ သူက ကတိပြုခဲ့ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မော်လဒိုက်အပါအဝင် ဒေသတွင်းနိုင်ငံအများအပြားက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အောက်လွှတ်တော် အမတ်နေရာ ၅၄၃ နေရာအတွက် ရွေးကောက်ပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေက မစ္စတာ Modi ရဲ့ Bharatiya Janata (BJP) ပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ကို အများစုအင်အားထက် ကျော်လွန်နေတဲ့ အမတ်နေရာ ၂၉၃ နေရာအတွက် ရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ မစ္စတာ Modi ရဲ့ BJP ပါတီ ကိုယ်တိုင်ကတော့ အမတ်နေရာ လျော့ကျခဲ့ပြီး သူ့ပါတီတစ်ခုတည်းနဲ့ အများစုအင်အားကို ထိန်းထားနိုင်ဖို့ မလုံလောက်ခဲ့ပါဘူး။

မစ္စတာ Modi အနေနဲ့ မူဝါဒတွေကို ချမှတ်ရာမှာ ညွန့်ပေါင်းဖွဲ့စည်းထားတဲ့ ဒေသဆိုင်ရာပါတီတွေရဲ့ အကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ဖို့ လိုအပ်လာမယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

မစ္စတာ Modi အနေနဲ့ သူ့အစိုးရကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းကျောင်းပြီး လူငယ်အလုပ်လက်မဲ့ပြဿနာနဲ့ ဆင်းရဲချမ်းသာမှုကွာဟမှုတွေ အပါအဝင်စီးပွားရေးဆိုင်ရာစိန်ခေါ်မှု အများအပြားကို ဖြေရှင်းဖို့ အစီအမံတွေ ချမှတ်သွားနိုင်မလားဆိုတဲ့အပေါ် အများက အာရုံစိုက်နေကြပါတယ်။

ဒါအပြင် အိန္ဒိယနိုင်ငံရဲ့လူဦးရေ ၆၀ ရာခိုင်နှုန်းကျော်နေထိုင်တဲ့ စိုက်ပျိုးရေးအခြေပြု ကျေးလက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးကို မစ္စတာ Modi က ကြိုးပမ်းမယ်လို့ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။