ပြန်လည်ပြင်ဆင်ထားတဲ့ ဂျပန်ရဲ့လူဝင်မှုကြီးကြပ်ရေးဥပဒေအောက်မှာ ခိုလှုံခွင့်တောင်းခံမှုတွေကို ကန့်သတ်ထား

ဂျပန်ဟာ ပြန်လည်ပြင်ဆင်ထားတဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ဒုက္ခသည်အသိအမှတ်ပြုရေးဆိုင်ရာအက်ဥပဒေကို တနင်္လာနေ့မှာ စတင်ကျင့်သုံးပြီဖြစ်ပါတယ်။ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ သုံးကြိမ်နဲ့အထက် ခိုလှုံခွင့်လျှောက်ထားတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်မှာ ဖြစ်ပါတယ်။

တချို့နိုင်ငံခြားသားတွေဟာ သူတို့ရဲ့ ခိုလှုံခွင့်တောင်းခံမှုတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်အတွင်း ပြည်နှင်တာ ဆိုင်းငံ့ထားတဲ့စနစ်ကို အလွဲသုံးစားလုပ်ပြီး ပြည်နှင်ခံရတာကို ရှောင်ရှားဖို့ ကြိုးစားနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြန်လည်ပြင်ဆင်ထားတဲ့ဥပဒေမှာ ပြည်နှင်ခံရတာကို ရင်ဆိုင်နေရတဲ့သူတွေဟာ ထိန်းသိမ်းရေးစခန်းတွေမှာ မဟုတ်ဘဲ ဥပဒေကြောင်းအရခွင့်ပြုထားတဲ့ပုဂ္ဂိုလ်တွေရဲ့ ကြီးကြပ်မှုအောက်မှာ နေထိုင်နိုင်ပါတယ်။

မိခင်နိုင်ငံကိုပြန်ရေး ဂျပန်ကနေ ထွက်ခွာဖို့ ငြင်းဆိုထားတဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေ ထပ်ခါတလဲလဲ ခိုလှုံခွင့်တောင်းခံတာကို စစ်ဆေးတာနဲ့ ကာလရှည်ကြာ ဖမ်းဆီးထိန်းသိမ်းမှုတွေကို ကြုံတွေ့ရတယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီက ပြောပါတယ်။

ဒီလိုအနေအထားတွေက အကာအကွယ်ပေးဖို့ အမှန်တကယ်လိုအပ်နေတဲ့သူတွေကို မြန်မြန်ဆန်ဆန်နဲ့ ကာကွယ်ဖို့ ခက်ခဲစေတယ်လို့ အေဂျင်စီက ထပ်လောင်းပြောဆိုပါတယ်။

ဒါပေမဲ့ နိုင်ငံခြားသားတွေကို ပံ့ပိုးကူညီနေတဲ့အဖွဲ့တွေက ခိုလှုံမှုလျှောက်ထားချက်တွေကို စိစစ်စစ်ဆေးမှုမှာ လုံလောက်တဲ့ ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရှိရေး ပျက်ကွက်တာလိုမျိုး ပြန်လည်ပြင်ဆင်ထားတဲ့ အဲဒီဥပဒေပါ အားနည်းချက်တွေကို ထောက်ပြကြပါတယ်။

ဒီဥပဒေက ခိုလှုံခွင့်တောင်းသူတွေ နှိပ်စက်ညှဉ်းပန်းခံရနိုင်တဲ့ နိုင်ငံတွေဆီ ပြန်ပို့ခံရတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သူတို့က ဆိုပါတယ်။