ဗီယက်နမ်က တောင်တရုတ်ပင်လယ်ထဲက ကင်းစခန်းတွေကို အလျင်အမြန် တိုးချဲ့နေတယ်လို့ အမေရိကန်သုတေသနအဖွဲ့ ပြော

ဗီယက်နမ်ဟာ တောင်တရုတ်ပင်လယ်ထဲက သူ့ရဲ့ ကင်းစခန်းတွေကို အလျင်အမြန် တိုးချဲ့ခဲ့တယ်လို့ အမေရိကန်သုတေသနအဖွဲ့အစည်းတစ်ခုက ပြောပါတယ်။

ဗီယက်နမ်နဲ့ တရုတ်နဲ့ တခြားသူတွေအကြား အဲဒီနေရာနဲ့ ပတ်သက်ပြီး နယ်မြေအငြင်းပွားမှုတွေ ဖြစ်နေပါတယ်။

Center for Strategic and International Studies (CSIS) ဟာ ဂြိုလ်တုဓာတ်ပုံတွေနဲ့ တခြား အချက်အလက်တွေ သုံးသပ်ထားတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့ပါတယ်။

ဗီယက်နမ်ဟာ မေလအထိ ၆ လတာကာလအတွင်း Spratly ကျွန်းစုထဲက ကျွန်းငယ်တွေမှာ ၂.၈ စတုရန်းကီလိုမီတာရှိတဲ့ မြေနေရာကို ဖန်တီးခဲ့တယ်လို့ အဲဒီစင်တာက ပြောပါတယ်။

ဗီယက်နမ်ရဲ့ သောင်တူးခြင်းနဲ့ မြေဖို့ခြင်းလုပ်ပြီး ချဲ့ထွင်ထားတဲ့ စုစုပေါင်းပမာဏဟာ ၆.၅ စတုရန်းကီလိုမီတာအထိ ရှိပြီး ဒါဟာ တရုတ်က ‌မြေဖို့တည်‌ဆောက်ထားတဲ့ အကျယ်အဝန်းရဲ့ ၄၀ ရာခိုင်နှုန်းလောက်နဲ့ ညီမျှတယ်လို့လည်း ဆိုပါတယ်။

ဗီယက်နမ်ရဲ့ ကင်းစခန်းတွေမှာ ယာယီရဟတ်ယာဉ်ကွင်းနဲ့ ဆိပ်ကမ်း စတာတွေ ပေါ်ပေါက်လာကြောင်း အဲဒီစင်တာက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

ဗီယက်နမ်ရဲ့ ကင်းစခန်းတွေဟာ တရုတ်က တည်ဆောက်နေတဲ့ မြေနေရာလောက်နီးပါး ရှိလာနိုင်တယ်လို့ CSIS က ဆိုပါတယ်။

"အဆောက်အအုံတွေကို တိုးချဲ့တည်ဆောက်လာခြင်းအားဖြင့် ဗီယက်နမ်ဟာ အငြင်းပွားဖွယ်ရာ ရေပြင်မှာ အခုထက် ပိုပြီး ရေယာဉ်အများအပြားကို ပုံမှန်ပြေးဆွဲတာတွေ စတင်နိုင်ဖွယ်ရှိတယ်" လို့ CSIS ရဲ့ သုတေသီ Harrison Pretat က ပြောပါတယ်။

အဲဒီလို လုပ်ဆောင်ခြင်းဟာ "လာမယ့်နှစ်တွေမှာ တရုတ်ရေယာဉ်တွေနဲ့အကြား အငြင်းပွားမှုတွေ ပိုဖြစ်စေနိုင်တယ်" လို့ သူက ပြောပါတယ်။

တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်ထဲက ဧရိယာအားလုံးနီးပါးအတွက် အချုပ်အခြာအာဏာကို ပိုင်ဆိုင်တယ်လို့ အရေးဆိုထားပါတယ်။ တရုတ်ဟာ Mischief နဲ့ Subi သန္တာကျောက်တန်းတွေကို စစ်စခန်းတွေအဖြစ် ပြောင်းလဲဖို့အတွက် Spratly ကျွန်းစုမှာ မြေဖို့တည်‌ဆောက်မှုစီမံကိန်းတွေကို လုပ်ဆောင်နေပါတယ်။

ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်တို့ကလည်း သူတို့ ထိန်းချုပ်ထားတဲ့ သန္တာကျောက်တန်းတွေပေါ်မှာ ဆိပ်ကမ်းနဲ့ လေယာဉ်ပြေးလမ်းတွေ ဆောက်လုပ်နေပါတယ်။