မြောက်ကိုရီးယားက အမှိုက်တွေသယ်ဆောင်လာတဲ့ မီးပုံးပျံ ၃၀၀ ကျော် ပို့လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား က ဆို

မြောက်ကိုရီးယားဟာ စနေနေ့ည ကတည်းက အမှိုက်တွေသယ်ဆောင်ထားတဲ့ မီးပုံးပျံ အလုံး ၃၀၀ ကျော်ကို တောင်ကိုရီးယားဆီ ပို့လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားကနေ မီးပုံးပျံ ၃၃၀ လွှတ်တင်ခဲ့ကြောင်း ထောက်လှမ်းသိရှိခဲ့ပြီး တောင်ကိုရီးယားရဲ့ ဆိုးလ်မြို့တော် နဲ့ မြောက်ပိုင်း Gyeonggi ပြည်နယ်တွေမှာ မီးပုံးပျံတစ်ချို့ကို ‌တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။

မီးပုံးပျံ ၈၀ လောက်ဟာ တောင်ကိုရီးယားနိုင်ငံအထဲကို ဆိုက်ရောက်ခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယား စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကောက်ယူရှင်းလင်းခဲ့ပါတယ်။

မီးပုံးပျံတွေဟာ စက္ကူစ တွေလို အမှိုက်တွေကို သယ်ဆောင်လာပြီး အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ့ မတွေ့ရှိခဲ့ဘူးလို့ တောင်ကိုရီးယားက ဆိုပါတယ်။ မီးပုံးပျံ အများအပြားဟာ ပင်လယ်ထဲနဲ့ တောင်တန်းဒေသတွေဆီ ကျဆင်းသွားပုံရကြောင်းလည်း ပြောပါတယ်။

ဒါဟာ မေလနောက်ပိုင်း မြောက်ကိုရီးယားကနေ အမှိုက်သယ်ဆောင်လာတဲ့ မီးပုံးပျံတွေကို တောင်ကိုရီးယားဘက်ဆီ တတိယအကြိမ်မြောက် ပို့လွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ အခုလို လုပ်တာဟာ တောင်ကိုးရီးယားကနေ ထွက်ပြေးခိုလှုံလာသူအုပ်စုတစ်စုက မီးပုံးပျံက တစ်ဆင့် မြောက်ကိုရီးယားအစိုးရဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ပေးပို့ခဲ့ခြင်းအတွက် လက်တုံ့ပြန်မှုတစ်ခုဖြစ်ပုံရပါတယ်။

တနင်္ဂနွေနေ့ မနက်ပိုင်းက တောင်ကိုရီးယား သမ္မတရုံးမှာ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီး ဒီကိစ္စအပေါ်ဘယ်လို တုံ့ပြန်မလဲဆိုတာကို ဆွေးနွေးခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရဟာ ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်နယ်နိမိတ်မျဉ်းအနီးမှာ အသံချဲ့စက်နဲ့ ဝါဒဖြန့်ထုတ်လွှင့်မှုတွေကို ပြန်လည်စတင်ဖို့ စဉ်းစားနေပါတယ်။

အခြေအနေပေါ်မူတည်ပြီး အသံချဲ့စက် ထုတ်လွှင့်မှုကို အချိန်မရွေး ပြန်လည်စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်တွေက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။