မြေငလျင်ဒဏ်ခံဒေသမှာ စပါးအထွက်ကောင်းဖို့နဲ့ ပြန်လည်နလန်ထူလာစေဖို့ ရိုးရာဆုတောင်းပွဲ ကျင်းပခဲ့

နှစ်သစ်ကူးနေ့မှာ ငလျင်လှုပ်ခတ်ခဲ့တဲ့ Ishikawa ခရိုင်၊ Noto ကျွန်းဆွယ်က လယ်ယာစိုက်ပျိုးရေး ဒေသမှာ နေထိုင်သူတွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ "mushi-okuri" လို့ ခေါ်တဲ့ ရိုးရာအခမ်းအနားမှာ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။

စပါးစိုက်ပျိုးပြီးနောက် စိုက်ခင်းတွေကနေနေန္တရာယ်ရှိတဲ့ အင်းဆက်ပိုးကောင်တွေကို မီးရှူးတိုင်တွေသုံးပြီး ရှင်းလင်းဖယ်ရှားဖို့ အဲဒီပွဲကို နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ဒါဟာရိုးရာဓလေ့တစ်ခုလည်း ဖြစ်ပါတယ်။

လူ ၈၀ လောက်ဟာ စနေနေ့က Nanao မြို့က Omaki အရပ်မှာ စုဝေးခဲ့ကြပါတယ်။ အရှည် တစ်မီတာလောက်ရှိတဲ့ ဝါးမီးရှူးတိုင်‌တွေကို သူတို့သယ်ဆောင်လာကြပါတယ်။

သူတို့ဟာ ခေါင်းလောင်းတွေ ဗုံတွေကို တီးခတ်ရင်း ဖြည်းဖြည်းလမ်းလျှောက်ပြီး မြေငလျင်ဒဏ်ကနေ အမြန်ပြန်လည် နလန်ထူလာဖို့နဲ့ ရပ်ရွာပြန်လည်တည်ဆောက်နိုင်ရေးအတွက် ဆုတွေတောင်းခဲ့ကြပါတယ်။

ငလျင်ကြောင့် စပါးစိုက်ခင်းတွေကို ရေသွင်းတဲ့ ဆည်မြောင်းတွေ ပျက်စီးခဲ့ပါတယ်။
ဒေသအတွင်းက တောင်သူအများစုဟာ အခုနှစ်မှာ စပါးမစိုက်ပျိုးနိုင်ခဲ့ကြပါဘူး။

ဒီနှစ်မှာ ပွဲမလုပ်ဖို့ စိတ်ကူးခဲ့ကြပေမဲ့ ရပ်ရွာလူထုရဲ့ စိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် ခါတိုင်းလိုပဲ ပုံမှန်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပါဝင်သူတွေအထဲက တစ်ဦးဟာ ငလျင်လှုပ်ခတ်ပြီး မကြာမီ ကိုဘေးမြို့ကနေ လာရောက်ကူညီနေခဲ့တဲ့ စေတနာ့ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။

ငလျင်လှုပ်ပြီးကတည်းက အခြေအနေတွေ သိပ်မပြောင်းလဲသေးပေမဲ့ ဒီ ရိုးရာအခမ်းအနား ကျင်းပစဉ်အတွင်း ရပ်သူရွာသားတွေရဲ့ ဘဝပြန်လည်တည်ဆောက်ရေး မျှော်လင့်ချက်တွေကို ခံစားမိတယ်လို့ သူက ပြောပါတယ်။

ပွဲဖြစ်မြောက်ရေး အဖွဲ့ခေါင်းဆောင် Urakami Hiroyuki က ပွဲဖြစ်မြောက်အောင် ကူညီပေးခဲ့သူအများအပြားကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ပုံမှန်လူနေမှုဘဝနဲ့ သာယာလှပတဲ့ ရှုခင်းတွေကို ပြန်ရနိုင်ဖို့ ရပ်ရွာလူထုတွေ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း သူက ဆက်ပြောသွားပါတယ်။