ကိုလံဘီယာက အစ္စရေးဆီ ကျောက်မီးသွေးတင်ပို့တာကို ရပ်ဆိုင်းမယ်

ဂါဇာကမ်းမြောင်ဒေသက အစ္စရေးရဲ့ စစ်ရေးစစ်ဆင်မှုတွေကြောင့် ကိုလံဘီယာဟာ အစ္စရေးဆီ ကျောက်မီးသွေးတင်ပို့တာကို ရပ်ဆိုင်းမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

ဂါဇာဒေသက အရပ်သားတွေအပေါ် တိုက်ခိုက်တာကို မရပ်ဆိုင်းသရွေ့ အဲဒီလို ဆောင်ရွက်မှာဖြစ်တယ်လို့ ကိုလံဘီယာသမ္မတ Gustavo Petro က စနေနေ့က လူမှုကွန်ရက်ပေါ်မှာ ပြောကြားခဲ့ပါတယ်။

ကိုလံဘီယာဟာ အစ္စရေးကို ကျောက်မီးသွေး အဓိကတင်ပို့တဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ သြဂုတ်လအတွင်း အစ္စရေးကို တင်ပို့ခဲ့တဲ့ ကုန်ပစ္စည်းတွေထဲက ၉၀ ရာခိုင်နှုန်းဟာ ကျောက်မီးသွေးဖြစ်ကြောင်း ကိုလံဘီယာအစိုးရက ပြောပါတယ်။

ကိုလံဘီယာမှာ လက်ဝဲပြောက်ကျားအုပ်စုတွေ ပါ၀င်တဲ့ ပြည်တွင်းပဋိပက္ခဟာ ရာစုနှစ်တစ်ဝက်ကျော်ကြာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်က အစ္စရေးဟာ ကိုလံဘီယာကို စစ်ရေးအထောက်အပံ့တွေ ပေးအပ်ခဲ့ပြီး နှစ်နိုင်ငံအနေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ထူထောင်ခဲ့ပါတယ်။

မစ္စတာ Petro ဟာ ၂၀၂၂ ခုနှစ်မှာ ကိုလံဘီယာရဲ့ ပထမဆုံး လက်ဝဲဝါဒီသမ္မတ ဖြစ်လာခဲ့ပါတယ်။

သူဟာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ အစိုးရကို ထပ်ခါတလဲလဲ ဝေဖန်ခဲ့ပါတယ်။ သူက ကိုလံဘီယာဟာ အစ္စရေးနဲ့အကြား သံတမန်ဆက်ဆံရေးကို ဖြတ်တောက်မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့လမှာ ကြေညာခဲ့ပါတယ်။

တခြား လက်တင်အမေရိကန်နိုင်ငံတွေက လက်ဝဲဝါဒီအစိုးရတွေဟာလည်း သူတို့နဲ့ အစ္စရေးရဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘိုလီးဗီးယားဟာ အစ္စရေးနဲ့အကြား သံတမန်ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပြီး ချီလီကတော့ အစ္စရေးမှာ ရှိတဲ့ သံအမတ်ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။