အမေရိကန်အိမ်ဖြူတော်အရှေ့မှာ ဆန္ဒပြသူတွေ စုဝေးပြီး ဂါဇာဒေသအတွင်း အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး ဆောင်ရွက်ဖို့ တောင်းဆို

အမေရိကန်နိုင်ငံရဲ့ မြို့တော်ဝါရှင်တန်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပြီး ဂါဇာကမ်းမြောင်ဒေသက အစ္စရေးနဲ့ အစ္စလာမစ်အဖွဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး ရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ ရပ်တန့်နေတဲ့အကြား အမေရိကန်မှာ ရှိတဲ့ အာရပ်နွယ်ဖွားအုပ်စုတွေရဲ့ တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ စနေနေ့က အမေရိကန်နိုင်ငံတစ်ဝန်းကနေ ဆန္ဒပြသူတွေ ရောက်လာခဲ့ကြပါတယ်။

စနေနေ့က ဆန္ဒပြသူတွေဟာ "လူမျိုးတုံးသတ်ဖြတ်မှုကို ရပ်တန့်ပါ" ၊ "အစ္စရေးကို စစ်ရေးအကူအညီပေးတာတွေ ရပ်တန့်ပါ" ဆိုတဲ့ လက်ကိုင်ပိုစတာတွေ ကိုင်ဆောင်ပြီး အိမ်ဖြူတော်ရှေ့က ရင်ပြင်မှာ စုဝေးခဲ့ကြပါတယ်။

ဆန္ဒပြသူတစ်ဦးက သွေးထွက်သံယို နည်းဗျူဟာတွေ အသုံးပြုတာကို ရပ်တန့်စေလိုပြီး ကလေးငယ်တွေ သတ်ဖြတ်ခံရတာကို မလိုလားဘူးလို့ ပြောပါတယ်။

သမ္မတ Joe Biden အနေနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ဆောင်ရွက်ပေးဖို့နဲ့ အမေရိကန်အနေနဲ့အစ္စရေးကို မထောက်ပံ့သင့်ကြောင်း သူက ပြောပါတယ်။

နောက်ထပ်ဆန္ဒပြသူတစ်ဦးက ဂါဇာကမ်းမြောင်ဒေသမှာ နေ့စဉ် အသက်ပေါင်းများစွာ ဆုံးရှုံးနေရတာနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

အခြေအနေတွေ ဘယ်လောက်တောင် ဆိုးဝါးနေတယ်ဆိုတာကို စကားလုံးတွေနဲ့တောင် ဖော်မပြနိုင်ဘူးလို့ သူက ဆိုပြီး ပြီးခဲ့တဲ့ ၈ လကတည်းက စိုးရိမ်မှတ်ကို ကျော်လွန်လာခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်သူအများအပြားဟာ အစ္စရေးကို ထောက်ခံတယ်လို့ ကြွေးကြော်နေကြပါတယ်။
ဒါပေမဲ့ ဂါဇာမှာ သတ်ဖြတ်ခံရတဲ့ အရပ်သားတွေ ပိုများလာတာနဲ့အမျှ အစ္စရေးကို စစ်ရေးအရ ပံ့ပိုးပေးနေတဲ့ မစ္စတာ Biden နဲ့ သူ့အစိုးရအပေါ် ဝေဖန်မှုတွေ တိုးများလာနေပါတယ်။

ဂါဇာဒေသက စစ်ပွဲဟာ နိုဝင်ဘာလမှာ ပြုလုပ်မယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ် ဂယက်ရိုက်မှု ရှိနိုင်ပါတယ်။