ယူကရိန်းစွမ်းအင်အဆောက်အအုံတွေကို ရုရှားက ဆက်လက်တိုက်ခိုက်နေပြီး နွေရာသီအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ပိုမိုဆိုးဝါးနိုင်

ယူကရိန်းက စွမ်းအင်အဆောက်အအုံတွေကို ရုရှားက ဒုံးကျည်၊ ဒရုန်းယာဉ်တွေနဲ့ ဆက်လက်တိုက်ခိုက်နေပြီး နွေရာသီမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်တဲ့ ပြဿနာ ဆိုးဝါးလာနိုင်ဖွယ် ရှိပါတယ်။

နိုင်ငံအတွင်း အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေရဲ့ ၂၇ ရာခိုင်နှုန်းသာ ကောင်းမွန်စွာ လည်ပတ်နေကြောင်း ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal က သောကြာနေ့မှာ ဒေသတွင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ယူကရိန်းရဲ့ နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ Ukrenergo ရဲ့ အမှုဆောင်အရာရှိချုပ်က ဓာတ်အားပေးစက်ရုံတွေရဲ့ ပျက်စီးမှုအတိုင်းအတာဟာ ပြီးခဲ့တဲ့နှစ်ကထက် အခုနှစ်မှာ ပိုများလာတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုပြဿနာဟာ နွေရာသီမှာ ပိုဆိုးလာမှာ ဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေက ဆိုပါတယ်။

ယူကရိန်းသဘောထားစစ်တမ်းကုမ္ပဏီ Kyiv International Institute of Sociology က မေလမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းရဲ့ ရလဒ်အရ သမ္မတ Volodymyr Zelenskyy ကို ပြည်သူတွေ ထောက်ခံတဲ့ နှုန်းဟာ ၅၉ ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။

ရုရှားကျူးကျော်မှုစတင်ပြီးနောက် မကြာမီ ၂၀၂၂ ခုနှစ် မေလတုန်းက ၉၀ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ အဲဒီကုမ္ပဏီက ဆိုပါတယ်။

ယူကရိန်းပြည်သူအများအပြားဟာ မစ္စတာ Zelenskyy ကို ယုံကြည်နေကြဆဲ ဆိုပေမဲ့ သူ့ကို ထောက်ခံတဲ့ နှုန်းဟာ ကျဆင်းလာနေပါတယ်။

အဲဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းရင်းတွေကတော့ စစ်ပွဲကြောင့် ဖြစ်လာတဲ့ ဝန်ထုပ်ဝန်ပိုးတွေဟာ တရားမျှတမှု မရှိဘူး၊ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရာမှာ လုံလောက်တဲ့ တိုးတက်မှု မရှိဘူးလို့ ပြည်သူတွေ ခံစားနေရတာကြောင့် ဖြစ်ကြောင်း အဲဒီကုမ္ပဏီက ပြောပါတယ်။