ယူကရိန်းကို ထောက်ပံ့ဖို့အတွက် ပြင်သစ်နဲ့ အမေရိကန်သမ္မတ ထပ်မံအတည်ပြု

ပြင်သစ်သမ္မတ Emmanuel Macron ဟာ ယူကရိန်းကို ထောက်ပံ့ကူညီရာမှာ တခြားအနောက်နိုင်ငံတွေနဲ့အတူ အခိုင်အမာ ရပ်တည်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

မစ္စတာ Macron ဟာ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ တွေ့ဆုံပြီး နောက်တစ်ရက်ဖြစ်တဲ့ စနေနေ့မှာ ပဲရစ်မြို့မှာ အမေရိကန်သမ္မတ Joe Biden နဲ့ ဆွေးနွေးခဲ့ပါတယ်။

ဥရောပရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် ပြင်သစ်၊ အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းအစိုးရကို ဆက်လက် ထောက်ပံ့ရမှာ ဖြစ်ကြောင်း မစ္စတာ Macron က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရုရှားပိုက်နက်နယ်မြေထဲက ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အနောက်နိုင်ငံတွေက ထောက်ပံ့ပေးတဲ့ လက်နက်တွေ အသုံးပြုတာကို ပြီးခဲ့တဲ့ လအနည်းငယ်မှာ အင်အားကြီးတဲ့ အနောက်နိုင်ငံတွေက ခွင့်ပြုခဲ့တယ်လို့ သူက ဆိုပြီး ယူကရိန်းတပ်ဖွဲ့တွေကို သင်တန်းပို့ချပေးဖို့ စစ်ရေးအရာရှိတွေ စေလွှတ်ရေး ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းဖို့လည်း စီစဉ်ခဲ့ကြောင်း ပြင်သစ်သမ္မတက ပြောပါတယ်။

အီတလီမှာ ဇွန်လ ၁၃ ရက်နေ့ကျရင် စတင်ကျင်းပဖို့ရှိတဲ့ ထိပ်သီးဆွေးနွေးပွဲတက်‌ရောက်မယ့် G7 ခေါင်းဆောင်တွေအနေနဲ့ ယူကရိန်းကို ထောက်ပံ့ရေး ကတိကဝတ်ပြုဖို့ မျှော်လင့်ကြောင်း မစ္စတာ Macron က ပြောပါတယ်။

မစ္စတာ Biden က "ပူတင်ဟာ ယူကရိန်းမှာတင် ရပ်သွားမှာ မဟုတ်ဘူး။ ယူကရိန်းတစ်နိုင်ငံတည်းမဟုတ်ဘဲ တခြားဥရောပနိုင်ငံတွေ အားလုံး ခြိမ်းခြောက်ခံရလိမ့်မယ်" လို့ ပြောပါတယ်။

သူက "အမေရိကန်အနေနဲ့ ယူကရိန်းနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်နေပါတယ်။ မဟာမိတ်တွေနဲ့လည်း အတူရပ်တည်နေပါတယ်" လို့ ဆိုပါတယ်။