ဂျပန်တင်းနစ်ကစားသမား Oda က သူ့အတွက် ဒုတိယမြောက် ဘီးတပ်ကုလားထိုင် ပြင်သစ်အိုးပင်းချန်ပီယံဆု ဆွတ်ခူး

ဂျပန်တင်းနစ်အကျော်အမော် Oda Tokito ဟာ ၂ နှစ်ဆက်တိုက် ပြင်သစ်အိုးပင်း အမျိုးသား ဘီးတပ်ကုလားထိုင် ချန်ပီယံဆုနဲ့ သူ့အတွက် စတုတ္ထမြောက် Grand Slam ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

စနေနေ့က ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ကမ္ဘာ့နံပါတ်(၂) အဆင့်ရှိ အသက်(၁၈)နှစ်အရွယ် တင်းနစ်သမား Oda ဟာ ကမ္ဘာ့နံပါတ်(၃)ကစားသမား အာဂျင်တီးနားနိုင်ငံသား Gustavo Fernandez ကို ၇-၅၊ ၆-၃နဲ့ အနိုင်ကစားပြီး ဗိုလ်စွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က၊ အသက် ၁၇နှစ်နဲ့ တစ်လ အရွယ်မှာ Oda ဟာ သူ့ရဲ့ ပထမဆုံး ပြင်သစ်အိုးပင်ချန်ပီယံဆုကိုရခဲ့ပြီး၊ သူဟာ အဲဒီအတန်းအစားရဲ့ Grand Slam ချန်ပီယံဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး အမျိုးသားတင်းနစ်ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် သူဟာ မနှစ်က ကျင်းပခဲ့တဲ့ Wimbledon တင်းနစ်ပြိုင်ပွဲကြီးနဲ့ အခုနှစ်အစောပိုင်းက သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲတွေမှာလည်း အမျိုးသား တစ်ဦးချင်း ဘီးတပ်ကုလားထိုင်တင်းနစ်ချန်ပီယံဆုတွေကို ဆွတ်ခူးခဲ့ပါတယ်။

ဩဂုတ်လနှောင်းပိုင်းမှာ စတင်ဖို့ရှိတဲ့ ပဲရစ် ပါရာလင်းပစ် အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အထင်ကရ Roland Garros တင်းနစ်အားကစားကွင်းမှာ စနေနေ့က ပြင်သစ်အိုးပင်းရဲ့နောက်ဆုံးဗိုလ်လုပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

တင်းနစ်သမား Oda ဟာ ပါရာလင်းပစ်အားကစားပြိုင်ပွဲကြီးမှာ ဂျပန်နိုင်ငံကို ကိုယ်စားပြုပြီး ဝင်‌ရောက်ယှဉ်ပြိုင်လိမ့်မယ်လို့ မျှော်မှန်းရပါတယ်။