အကူအညီနှောင့်နှေးမှုအတွက် ယူကရိန်း သမ္မတကို အမေရိကန်သမ္မတ တောင်းပန်

ရုရှားရဲ့ ကျူးကျော်ရန်စမှုကို တိုက်ဖျက်ရာမှာ အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေ နှောင့်နှေးနေတာအတွက် အမေရိကန်သမ္မတ Joe Biden က ယူကရိန်းသမ္မတ Volodymyr Zelenskyy ကိုတောင်းပန်လိုက်ပါတယ်။

သောကြာနေ့က ပဲရစ်မှာကျင်းပတဲ့ D-Day နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားရဲ့ ဘေးစည်းအဖြစ် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံခဲ့ပါတယ်။

ရှေးရိုးစွဲအဆန်ဆုံး ရီပတ်ဘလီကန်တွေက အဲဒီကိစ္စကို တားဆီးထားခဲ့တာကြောင့် အမေရိကန်လွှတ်တော်အနေနဲ့ “အဲဒီဥပဒေမူကြမ်းကို အတည်ပြုဖို့ ခက်ခဲခဲ့ရတယ်” လို့ မစ္စတာ Biden က ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်သူတွေဟာ ယူကရိန်းပြည်သူတွေနဲ့အတူ “ရပ်တည်နေဆဲ” ဖြစ်ကြောင်းနဲ့ ရုရှားရဲ့ကျူးကျော်ရန်စမှုကို ရင်ဆိုင်ရာမှာ ကြံ့ကြံ့ခံနေတဲ့ စွမ်းရည်တွေကို ချီးကျူးဂုဏ်ပြုနေကြကြောင်း မစ္စတာ Biden က အလေးအနက် ပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အခုအချိန်အထိ ယူကရိန်းအတွက် စစ်ကာလအတွင်း အကြီးမားဆုံးနဲ့အများဆုံး ထောက်ပံ့မှုပေးသူဖြစ်ပါတယ်။

မစ္စတာ Biden က သူ့ရဲ့ ဆဋ္ဌမမြောက် အကူအညီပေးရေး အစီအစဉ်ကို ကြေညာဖို့ ဒီတွေ့ဆုံမှုကို အသုံးချခဲ့ပါတယ်။ အဲဒီအစီအစဉ်အရ တင့်ကားဖျက်လက်နက်တွေနဲ့အတူ လေကြောင်းရန်ကာကွယ်ရေးနဲ့ အမြောက်စနစ်တွေပါ၀င်တဲ့ နောက်ထပ်ဒေါ်လာ ၂၂၅ သန်း ပေးအပ်မှာ ဖြစ်ပါတယ်။

မစ္စတာ Zelenskyy က မစ္စတာ Biden ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်ရဲ့ ပါတီစုံ ပံ့ပိုးကူညီမှုကို မေတ္တာရပ်ခံခဲ့ပါတယ်။

လူသားတွေရဲ့ အသက်တွေနဲ့ ဥရောပကို အမေရိကန်နိုင်ငံက ကယ်ဆယ်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်တုန်းကနဲ့အလားတူ "အမေရိကန်ပြည်သူအားလုံး ယူကရိန်းနဲ့ အတူရပ်တည်ပေးဖို့" အလွန်တရာ အရေးကြီးတယ်လို့ သူက ပြောပါတယ်။