ကလေးသူငယ်တွေအပေါ် ချိုးဖောက်မှုကျူးလွန်တဲ့ နိုင်ငံစာရင်းမှာ အစ္စရေးကို ကုလသမဂ္ဂ ထည့်သွင်း

ဂါဇာကမ်းမြောင်ဒေသမှာ ကလေးသူငယ်တွေ သေဆုံးမှု ဆက်လက်မြင့်တက်နေတာကြောင့် အစ္စရေးနိုင်ငံကို ကလေးသူငယ်အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တဲ့ နိုင်ငံစာရင်းမှာ ထည့်သွင်းလိုက်တယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

အဲဒီနိုင်ငံစာရင်းမှာ ထည့်သွင်းလိုက်တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကို သူအသိပေးခဲ့တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က သောကြာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘာတဝန်းက လက်နက်ကိုင်ပဋိပက္ခတွေရဲ့ သက်ရောက်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးပြီး နှစ်ပတ်လည်အစီရင်ခံစာ ထုတ်ပြန်ဖို့ ပြုစုပါတယ်။ အဲဒီစာရွက်စာတမ်းမှာ ကလေးတွေ ထိခိုက်နစ်နာအောင် ကျူးလွန်သူတွေရဲ့စာရင်းလည်း ပါဝင်ပါတယ်။ အဲဒီအစီရင်ခံစာကို အခုလနှောင်းပိုင်းမှာ လူသိရှင်ကြား ထုတ်ပြန်မှာဖြစ်ပါတယ်။

စာရင်းသစ်ထဲမှာ အရှေ့အလယ်ပိုင်းဒေသက ပြည်တွင်းစစ်ဒဏ် ခံစားနေရတဲ့ ဆီးရီးယားနဲ့ ယီမင်တို့လည်း ပါဝင်ပါတယ်။ ယူကရိန်းအပေါ် ဆက်လက်ကျူးကျော်နေတဲ့ ရုရှားဟာ ပြီးခဲ့တဲ့နှစ်က ဒီစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

အစ္စရေး ၀န်ကြီးချုပ် Benjamin Netanyahu က ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။

သူက “ဒီနေ့ ကုလသမဂ္ဂဟာ ဟားမတ်စ် လူသတ်သမားတွေကို ထောက်ခံသူတွေနဲ့ ပူးပေါင်းလိုက်ပြီး သမိုင်းရဲ့ နာမည်ပျက်စာရင်းမှာ သူ့ကိုယ်သူ ထည့်သွင်းလိုက်တယ်” လို့ ပြောပါတယ်။ မစ္စတာ Netanyahu က အစ္စရေးစစ်တပ်ကို "ကမ္ဘာပေါ်မှာ ကိုယ်ကျင့်တရားအရှိဆုံးစစ်တပ်" လို့ခေါ်ဆိုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့အထိ ဂါဇာမှာ ကလေးငယ် ၇,၇၉၇ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အဲဒီကိန်းဂဏန်းဟာ စုစုပေါင်းသေဆုံးသူအရေအတွက်ရဲ့ ၃၀ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။