ဂျပန်-ယူကရိန်း အကူအညီဆိုင်ရာ စာရွက်စာတမ်း အသေးစိတ်ကို သတင်းရင်းမြစ်တွေ ထုတ်ဖော်ပြောကြား

ဂျပန်က ယူကရိန်းကို ပေးအပ်မယ့် ထောက်ပံ့ရေးအစီအမံတွေကို ရေးဆွဲထားတဲ့ နှစ်နိုင်ငံဆိုင်ရာ စာရွက်စာတမ်းတစ်ခုရဲ့ အသေးစိတ် အချက်အလက်တွေကို NHK က သိရှိခဲ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် ၇ နိုင်ငံအုပ်စု G7 ထိပ်သီးအစည်းအဝေးရဲ့ ဘေးစည်းအနေနဲ့ အဲဒီစာရွက်စာတမ်းကို ယူကရိန်းနဲ့ လက်မှတ်ရေးထိုးဖို့ ဂျပန်အစိုးရက စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇွန် ၁၃ ရက်နေ့ကျရင် အီတလီမှာ ကျင်းပမယ့် G7 ထိပ်သီးအစည်းအဝေးရဲ့ ဘေးစည်းအနေနဲ့ ဂျပန် ဝန်ကြီးချုပ် Kishida Fumio နဲ့ ယူကရိန်း သမ္မတ Volodymyr Zelenskyy တို့ တွေ့ဆုံဆွေးနွေးပြီး အဲဒီစာရွက်စာတမ်းကို လက်မှတ်ရေးထိုးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဲဒီစာရွက်စာတမ်းမှာ ဂျပန်နိုင်ငံက သူ့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကနေ ယူကရိန်းနိုင်ငံကို လုံခြုံရေးနဲ့ ကာကွယ်ရေးအကူအညီတွေ ဆက်လက်ပံ့ပိုးပေးသွားမယ်ဆိုတာ ဖော်ပြထားမှာဖြစ်ကြောင်း NHK က သိရှိရပါတယ်။

အစီအမံတွေထဲမှာ သတ်ဖြတ်ရေးပစ္စည်းမဟုတ်တဲ့ စက်ကရိယာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ၊ ဒဏ်ရာရ ယူကရိန်းစစ်သားတွေကို ကုသရေးနဲ့ ထောက်လှမ်းရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေးတွေ ပါဝင်မှာဖြစ်ပါတယ်။

ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အဲဒီစာရွက်စာတမ်းမှာ ဂျပန်နိုင်ငံအနေနဲ့ မြေမြှုပ်မိုင်း ဖယ်ရှားရေး၊ အမျိုးသမီးနဲ့ ကလေးတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအနေအထားနဲ့ သူတို့ရဲ့ဘဝပြန်လည်တည်ဆောက်ရေးကို မြှင့်တင်ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ပံ့ပိုးပေးသွားမယ်ဆိုတာ ပါရှိမယ်လို့ မျှော်လင့်ရပါတယ်။

အဲဒီစာရွက်စာတမ်းဟာ ၁၀ နှစ်သက်တမ်းရှိမှာဖြစ်ပြီး ယူကရိန်းကို ဂျပန်ကဆက်လက်ပံ့ပိုးကူညီမယ်ဆိုတာကို အတည်ပြုမှာဖြစ်ပါတယ်။