အမေရိကန်ရဲ့ တိုးချဲ့စစ်ရေးလေ့ကျင့်မှုမှာ ဂျပန် ပါဝင်

ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ Valiant Shield 24 လို့အမည်ရတဲ့ ၂ နှစ်တစ်ကြိမ်ကျင်းပတဲ့ အမေရိကန် စစ်ရေးလေ့ကျင့်မှုမှာ ပထမဆုံးအကြိမ် ပါဝင်ခဲ့ပါတယ်။ အဲဒီလေ့ကျင့်မှုကို အင်ဒို-ပစိဖိတ်ဒေသမှာ သောကြာနေ့က စတင်ခဲ့ပါတယ်။

ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို Guam ကမ်းလွန်ကနေ ဂျပန်နိုင်ငံအထိ ကျယ်ပြန့်တဲ့ပင်လယ်ပြင်ထဲမှာ ဧရိယာချဲ့ထွင်ပြီး လုပ်ဆောင်နေပါတယ်။

နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Ronald Reagan ပါ၀င်တဲ့ ဂျပန်တောင်ပိုင်းကမ်းရိုးတန်းက လေ့ကျင့်မှုကို ကြည့်ရှုဖို့ NHK အပါအဝင် မီဒီယာတွေက ကုန်တင်လေယာဉ်တစ်စင်းနဲ့ သွားရောက်ခဲ့ကြပါတယ်။

အမေရိကန်တပ်မှူး Gregory Newkirk က ဂျပန်ရဲ့ ပူးပေါင်းပါဝင်မှုဟာ နှစ်ဘက်အနေနဲ့ အလွန်မြင့်မားတဲ့အဆင့်မှာ ပိုပြီး မကြာမကြာ အတူတကွ လေ့ကျင့်မှုတွေကို လုပ်ဆောင်နေတာကို ပြသနေတယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန် အာကာသတပ်ဖွဲ့ဟာလည်း အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်နေပြီး ဒါဟာ ကမ္ဘာ့လေထုအပြင်ဘက်မှာ တရုတ်နိုင်ငံက သြဇာလွှမ်းမိုးမှု ချဲ့ထွင်လာနေတာကို တန်ပြန်ဖို့ဖြစ်တယ်လို့ ယူဆရပါတယ်။