D-Day နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို စစ်မှုထမ်းဟောင်းတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်

ပြီးခဲ့တဲ့ နှစ် ၈၀ က Normandy ကမ်းခြေတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ မဟာမိတ်တပ်တွေရဲ့ စစ်မှုထမ်းဟောင်းတွေဟာ D-Day အထိမ်းအမှတ်ပွဲကိုတက်ရောက်ဖို့ ပြင်သစ်နိုင်ငံကို ပြန်လည် လာရောက်ခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အဓိကကျတဲ့ တိုက်ပွဲ နှစ်ပတ်လည် အထိမ်းအမှတ်ဖြစ်တဲ့ အဲဒီအခမ်းအနားကို ကမ္ဘာ့ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

စစ်သား ၁၅၀,၀၀၀ ကျော်ဟာ နာဇီဂျာမနီတပ်တွေကို တိုက်ထုတ်ဖို့ ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ ကမ်းခြေ ၅ ခု ကို ကမ်းတက်ခဲ့ကြပါတယ်။

အရေအတွက် လျော့နည်းလာပြီဖြစ်တဲ့ အသက်ရှင်ကျန်ရစ်နေသေးတဲ့ စစ်မှုထမ်းဟောင်းတွေဟာ မဟာမိတ်နိုင်ငံတွေနဲ့ ဂျာမဏီက ခေါင်းဆောင်တွေနဲ့အတူ အသက်ဆုံးရှုံးခဲ့ရသူတွေကို ဂုဏ်ပြုခဲ့ကြပါတယ်။ ယူကရိန်းသမ္မတ Volodymyr Zelenskyy လည်း တက်ရောက်ခဲ့ပြီး အတိတ်နဲ့ ပစ္စုပ္ပန်က အဖြစ်အပျက်တွေကို ချိတ်ဆက်ခဲ့ပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron က သူ့ဟာနဲ့သူ အတိတ်နဲ့ ပစ္စုပ္ပန်ကို ချိတ်ဆက်ခဲ့ပါတယ်။ “နယ်စပ်တွေကို အင်အားသုံးပြီး ပြောင်းလဲဖို့ ဒါမှမဟုတ် သမိုင်းကို ပြန်ရေးဖို့ ကြိုးစားနေတဲ့သူတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကျွန်တော်တို့ဟာ ဒီနေရာကို ကမ်းတက်ခဲ့တဲ့သူတွေနဲ့ ထိုက်တန် ရမယ်" လို့ သူက ဆိုပါတယ်။ အခမ်းအနားကို သမ္မတ Zelenskyy တက်ရောက်ခဲ့တာက "အဲဒီ အဓိပ္ပာယ်ပဲဖြစ်တယ်" လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

အမေရိကန် စစ်မှုထမ်းဟောင်းတွေဟာ အမေရိကန် သုဿန်မှာ စုရုံးကြပြီး သမ္မတ Joe Biden ရဲ့ အာဏာရှင်တွေကို ဦးညွှတ်ခြင်းရဲ့ အန္တရာယ်တွေအကြောင်း သတိပေးတာကို နားထောင်ခဲ့ကြပါတယ်။

မစ္စတာ Biden က "ကျွန်ေတာ်တို့ အဲလိုသာလုပ်ခဲ့မယ်ဆိုရင် ဒီလို အထွတ်အမြတ်ထားတဲ့ ကမ်းခြေတွေမှာ ဘာဖြစ်ခဲ့တယ် ဆိုတာတွေကို မေ့ပစ်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ အထင်မမှားရဘူး။ ကျွန်တော်တို့ ဦးညွှတ်မှာမဟုတ်ဘူး" လို့ ပြောပါတယ်။

ရုရှားသမ္မတ Vladimir Putin ဟာ ၂၀၁၄ ခုနှစ်တုန်းက နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့ကို တက်ရောက်ခဲ့ပါတယ်။ ယူကရိန်းအပေါ် ကျူးကျော်ရန်စမှုတွေကို တိုးမြှင့်လုပ်ဆောင်နေတဲ့အတွက်ကြောင့် အခုနှစ် အထိမ်းအမှတ်အခမ်းအနားကို အိမ်ရှင်အဖြစ်ကျင်းပတဲ့ ပြင်သစ်နိုင်ငံက သမ္မတ Putin နဲ့ တခြား ရုရှားကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါတွေဟာ မှန်ကန်တဲ့ အခြေအနေတွေ မဟုတ်ဘူးလို့ သူတို့က ပြောပါတယ်။