တရုတ်နိုင်ငံရဲ့ ပို့ကုန် ၂ လ ဆက်တိုက် တက်လာခဲ့

နောက်ဆုံးရရှိတဲ့ တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုစာရင်းဇယားတွေအရ ကုန်ပစ္စည်းတင်ပို့မှုဟာ မေလမှာ ၂ လ ဆက်တိုက်အဖြစ် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အဓိကအားဖြင့် အရှေ့တောင်အာရှဆီကို ရောင်းအားကောင်းခဲ့တာကြောင့် ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အကောက်ခွန် အာဏာပိုင်တွေက ပို့ကုန်တွေရဲ့ တစ်လတာ ကိန်းဂဏန်းဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာအားဖြင့် ၇.၆ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ သောကြာနေ့က ပြောခဲ့ပါတယ်။ အထူးသဖြင့် လျှပ်စစ်ကားနဲ့ အိမ်သုံးပစ္စည်းတွေ အားကောင်းခဲ့ပါတယ်။

သွင်းကုန်ဘက်မှာ နည်းနည်းတိုးလာပြီး မနှစ်ကထက် ၁.၈ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ အဲဒီထဲမှာ မိုက်ခရိုချပ်စ်ဝယ်ယူမှု တိုးလာတာက အများဆုံးဖြစ်ပါတယ်။

အိမ်ခြံမြေ ‌အရောင်းအဝယ် ကာလရှည်ကြာ ကျဆင်းမှုနဲ့ အလုပ်အကိုင်ဈေးကွက် အခက်အခဲတွေရဲ့ သက်ရောက်မှုတွေကြောင့် တရုတ်နိုင်ငံမှာ ပြည်တွင်းဝယ်လိုအား ထိုင်းမှိုင်းနေပါတယ်။ ပို့ကုန်တွေက စီးပွားရေးတိုးတက်မှုကို တွန်းအားပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမဲ့ အလွန်အကျွံ ထုတ်လုပ်မှုကြောင့် ဈေးပေါနေတဲ့ တရုတ်လျှပ်စစ်ကားတွေနဲ့ ပတ်သက်ပြီး အမေရိကနဲ့ ဥရောပမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီအခြေအနေအပေါ် တရုတ်အစိုးရရဲ့ တုံ့ပြန်မှုက အနာဂတ် တရုတ်နိုင်ငံရဲ့ ပို့ကုန်ကိန်းဂဏန်းတွေအပေါ် သက်ရောက်လာနိုင်ပါတယ်။