ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းတွေကို လေ့လာဖို့ ဂျပန်ကုမ္ပဏီတွေ ယူကရိန်းကို သွားရောက်

ဂျပန်ကုမ္ပဏီက တာဝန်ရှိသူတွေဟာ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေရှာဖွေလေ့လာရေးအတွက် ယူကရိန်းကို သွားရောက်နေကြပါတယ်။ နှစ်ဖက်စလုံးအတွက် အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးဖို့ ကုမ္ပဏီတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဂျပန်ကုမ္ပဏီ ၁၀ ခုနဲ့ ယူကရိန်းကုမ္ပဏီ ၂၀ လောက်က ကိုယ်စားလှယ်တွေဟာ ကြာသပတေးနေ့က မြို့တော် Kyiv မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဂျပန်အရာရှိတွေဟာ သူတို့ရဲ့ နည်းပညာနဲ့ နိုင်ငံရပ်ခြားက လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးခဲ့ကြပါတယ်။ ဂျပန်ကုမ္ပဏီတွေ ယူကရိန်းနိုင်ငံတွင်းကို တိုးချဲ့လုပ်ကိုင်တာရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။

ဂျပန်နိုင်ငံက သတင်းအချက်အလက်နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Sagri ဟာ ဂြိုလ်တုဓာတ်ပုံတွေကို လူလုပ်အသိဉာဏ်နဲ့ ပေါင်းစပ်ခြင်းဖြင့် ဓာတ်မြေသြဇာအသုံးပြုမှုကို ပိုမိုထိရောက်စေတဲ့နည်းလမ်းကို ရှင်းပြခဲ့ပါတယ်။

အလုပ်အမှုဆောင်အရာရှိချုပ် Tsuboi Shunsuke က ယူကရိန်းက လူတွေနဲ့ တိုက်ရိုက်စကားပြောရတာ ကောင်းတယ်လို့ ပြောပါတယ်။ နောက်တစ်ကြိမ်မှာ လယ်မြေတချို့ကို သွားကြည့်ချင်တယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယူကရိန်းကုမ္ပဏီက တာဝန်ရှိသူ Dmytro Shevtsov က "ဂျပန်က ကုမ္ပဏီတွေက ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင်ရာမှာ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူတို့က ယူကရိန်းရဲ့ ရပ်တည်ရေးကို ကူညီပေးနေပြီး နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ လမ်းဖွင့်ပေးနေပါတယ်" လို့ ပြောပါတယ်။

ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့ ဥက္ကဌ Kataoka Susumu က အဲဒီပွဲကို စီစဉ်ကျင်းပခဲ့ပါတယ်။ ယူကရိန်းမှာ စီးပွားရေးစိန်ခေါ်မှုတွေနဲ့ ယူကရိန်းကုမ္ပဏီတွေရဲ့ မျှော်မှန်းချက်တွေကို ဂျပန်ကုမ္ပဏီတွေ ရှာဖွေတွေ့ရှိနိုင်ရေး ကူညီပေးဖို့ မျှော်လင့်ကြောင်းနဲ့ အဲဒီကြိုးပမ်းမှုကနေ ပြန်လည်တည်ဆောက်ရေးအတွက် အထောက်အကူဖြစ်လာမှာ ဖြစ်ကြောင်း သူက ဆိုပါတယ်။