ကျောင်းလခတိုးမြှင့်မယ့် အစီအစဉ်ကို တိုကျိုတက္ကသိုလ်က ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြ

တိုကျိုတက္ကသိုလ်က ကျောင်းသားတွေဟာ ကျောင်းလခတိုးမြှင့်မယ့်အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြ ခဲ့ကြပါတယ်။

တိုကျိုမှာရှိတဲ့ Hongo ပုရဝုဏ်မှာ ကြာသပတေးနေ့က ပြုလုပ်တဲ့ ကန့်ကွက်ဆန္ဒပြမှုမှာ လူ ၄၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။

တိုကျိုတက္ကသိုလ်ဟာ ကျောင်းလခမြှင့်တင်ဖို့ အခုအခါ ဆွေးနွေးနေပါတယ်။ နိုင်ငံက ခွင့်ပြုထားတဲ့ အမြင့်ဆုံး တိုးမြှင့်မှုအောက်မှာ နှစ်စဉ်ကျောင်းလခကို လက်ရှိ ယန်း ၅၃၅,၈၀၀ တနည်းအားဖြင့် အမေရိကန်ဒေါ်လာ ၃,၄၀၀ လောက်ကနေ ယန်း ၁၀၀,၀၀၀ အထိ တနည်းအားဖြင့် အမေရိကန်ဒေါ်လာ ၆၄၀ လောက် တက်နိုင်ပါတယ်။

ဒီလိုမျိုး ကျောင်းလခမြှင့်တင်တာဟာ ကျေးလက်ဒေသတွေက ကျောင်းသားတွေအပါအဝင် ကျောင်းဝင်ခွင့် လျှောက်ထားသူတချို့ကို စိတ်ပျက်သွားစေနိုင်တယ်လို့ ဆန္ဒပြမှုမှာ ပါဝင်သူတချို့က ပြောပါတယ်။ ဒီဟာက ကျောင်းသားတွေရဲ့ အမျိုးမျိုးစုံလင်ကွဲပြားမှုကို ပျက်ပြားစေတယ်လို့ သူတို့က ပြောပါတယ်။

ငွေကြေး‌ထောက်ပံ့မှုအတွက် အရည်အချင်းမပြည့်မီတဲ့ ကျောင်းသားတချို့ အမြဲရှိနေဦးမှာပဲလို့ တချို့က ပြောပါတယ်။

ကျောင်းလခမြှင့်တင်မယ့် အစီအစဉ်ကို ဖျက်သိမ်းဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို သူတို့က ချမှတ်ခဲ့ပါတယ်။ ဒီလိုမြှင့်တင်ရတာရဲ့ အကြောင်းရင်းတွေကို ရှင်းပြဖို့နဲ့ ငွေကြေးထောက်ပံံရေး အစီအစဉ်တွေနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ဖော်တာမျိုးကို သူတို့က လိုချင်ပါတယ်။ တက္ကသိုလ်အနေနဲ့ သူတို့အုပ်စုနဲ့ တွေ့ဆုံဖို့ ကျောင်းသားတွေက တောင်းဆိုခဲ့ပါတယ်။

အိုစာကာကနေ ကျောင်းတက်တဲ့ စတုတ္ထနှစ်ကျောင်းသူတစ်ဦးက တက္ကသိုလ်အနေနဲ့ ငွေလိုတယ်ဆိုတာကို သူနားလည်ပေမဲ့ နောက်ထပ် ယန်း ၁၀၀,၀၀၀ ဆိုတာက များလွန်လှပြီး သူ့အနေနဲ့ ဖိအားခံစားရတယ်လို့ ပြောပါတယ်။

ပါရဂူတန်းတက်နေတဲ့ ကျောင်းသားတစ်ဦးက ဆန္ဒဖော်ထုတ်ရာမှာ လူအများအပြား ပါဝင်ခဲ့တယ်ဆိုတဲ့ အချက်က ဒီကိစ္စဟာ လေးနက်တာကို ပြသနေတယ်ဆိုတာနဲ့ တက္ကသိုလ်အနေနဲ့ သူတို့ရဲ့ အသံတွေကို ရိုးရိုးသားသားနဲ့ နားထောင်စေလိုတယ်လို့ ပြောပါတယ်။

ကျောင်းလခမြှင့်တင်ဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ တက္ကသိုလ်က ပြောပေမဲ့ အဲဒီအစီအစဉ်ကို စိစစ်နေဆဲ ဖြစ်တဲ့အတွက် ထုတ်ဖော်ပြောဆိုစရာ သတင်းအချက်အလက်တွေကို မရှိဘူးလို့ ဆိုပါတယ်။