'သွက်လက်တက်ကြွတဲ့ ဆိုင်ဘာကာကွယ်ရေး' အတွက် ဥပဒေပြုရေး အရှိန်မြှင့်ဖို့ ဂျပန်ဝန်ကြီးချုပ်က အစိုးရအဖွဲ့ကို ညွှန်ကြား

နိုင်ငံကို ဆိုင်ဘာတိုက်ခိုက်မှုတွေကနေ တားဆီးမယ့် စနစ်တစ်ခု စတင်ကျင့်သုံးရေး ကြိုးပမ်းအားထုတ်မှုတွေကို အရှိန်မြှင့်တဲ့အနေနဲ့ လိုအပ်တဲ့ဥပဒေကြမ်းတွေကို အမြန်ဆုံးထုတ်ပြန်ဖို့ ဂျပန်ဝန်ကြီးချုပ် Kishida Fumio က အစိုးရအဖွဲ့ကို ညွှန်ကြားလိုက်ပါတယ်။

"သွက်လက်တက်ကြွတဲ့ ဆိုင်ဘာကာကွယ်ရေး" လို့ခေါ်တဲ့ စနစ်တစ်ခုကို ကျင့်သုံးရေး ဆွေးနွေးဖို့ အစိုးရရဲ့ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ဟာ သောကြာနေ့က သူတို့ရဲ့ ပထမဦးဆုံးအစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ အဖွဲ့ဝင် ၁၇ ဦးပါဝင်တဲ့ အဲဒီကျွမ်းကျင်သူများအဖွဲ့ထဲမှာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဂျပန်သံအမတ်ဟောင်း Sasae Kenichiro နဲ့ ဆုကုဘာ့တက္ကသိုလ်က တွဲဖက်ပါမောက္ခ Ochiai Yoichi တို့ ပါဝင်ပါတယ်။

အဲဒီအစည်းအဝေးကို ဝန်ကြီးချုပ် Kishida နဲ့ ဒစ်ဂျစ်တယ်စနစ် အသွင်ပြောင်းလဲရေးဆိုင်ရာဝန်ကြီး Kono Taro တို့လည်း တက်ရောက်ခဲ့ပါတယ်။

ဝန်ကြီးချုပ် Kishida က ဆိုင်ဘာကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်တာဟာ လက်ရှိလုံခြုံရေးဆိုင်ရာ အခြေအနေတွေအကြား ဖိအားပေးမှုတွေ မြင့်တက်လာနေတဲ့ ကိစ္စတစ်ရပ် ဖြစ်လာနေပြီလို့ ပြောပါတယ်။

သူက အဲဒီကိစ္စကို တက်တက်ကြွကြွဆွေးနွေးပြီး ရလဒ်တွေကို အမြန်အစီရင်ခံဖို့ အဲဒီအဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။

လိုအပ်တဲ့ဥပဒေမူကြမ်းကို အမြန်ဆုံးရေးဆွဲဖို့ ဝန်ကြီး Kono ကို မစ္စတာ Kishida က ညွှန်ကြားခဲ့ပါတယ်။

လအနည်းငယ်အတွင်းမှာ သူတို့ရဲ့ အမြင်တွေကို စုစည်းဖို့ အဲဒီအဖွဲ့ကို ဝန်ကြီး Kono က တောင်းဆိုခဲ့ပါတယ်။

အဲဒီစနစ်‌သစ်အရ အစိုးရဟာ တယ်လီဖုန်းကုမ္ပဏီတွေဆီက ရရှိတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး ဆိုင်ဘာတိုက်ခိုက်မှု လုပ်တယ်လို့ သံသယရှိသူတွေကို ဖော်ထုတ်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီလို တိုက်ခိုက်မှုတွေလုပ်မယ့် အလားအလာရှိတဲ့ အရင်းအမြစ်တွေကို တိုက်ခိုက်ဖို့နဲ့ သူတို့က တိုက်ခိုက်မှုတွေ မလုပ်နိုင်ခင်မှာ မစွမ်းဆောင်နိုင်အောင်လုပ်မယ်လို့လည်း တွက်ဆရပါတယ်။

အဲဒီစနစ်ဟာ ဘယ်ပုံဘယ်နည်းဖြစ်သင့်သလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို အဲဒီအဖွဲ့က ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထားတဲ့ ဆက်သွယ်ရေးဆိုင်ရာနည်းလမ်းတွေရဲ့ လျှို့ဝှက်မှုကို ချိုးဖောက်ရာ မရောက်စေရေး သေချာစေဖို့ ဒီစနစ်အောက်မှာ ဘယ်လို ကာကွယ်တားဆီးမလဲ ဆိုတာကလည်း ကိစ္စတစ်ရပ် ဖြစ်ပါတယ်။