အင်ဒို-ပစိဖိတ်အုပ်စု သန့်ရှင်းမျှတတဲ့ စီးပွားရေးရည်မှန်းချက်တွေကို သဘောတူ

အာရှမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု မြင့်တက်လာနေတာကို တန်ပြန်ဖို့ဖွဲ့စည်းထားတဲ့ နိုင်ငံအုပ်စုတစ်စုက ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချရေးမှာ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ဖို့နဲ့ စီးပွားရေးမျှတရေး ရည်ရွယ်ဖို့ ကြာသပတေးနေ့မှာ သဘောတူခဲ့ကြပါတယ်။

အင်ဒို-ပစိဖိတ်ဒေသ သာယာဝပြောရေးအတွက် စီးပွားရေးလုပ်ငန်းမူဘောင် (IPEF) အုပ်စုဝင် ၁၄ နိုင်ငံက ဝန်ကြီးတွေဟာ ဒေသတွင်းမှာ သန့်ရှင်းပြီး မျှတတဲ့ စီးပွားရေးအတွက် ရည်မှန်းချက်တွေ ချမှတ်ရေး ကြေညာချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဂျပန်၊ အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယ အပါအဝင် အုပ်စုဝင်နိုင်ငံတွေဟာ အများသဘောနဲ့အညီ အဲဒီရည်မှန်းချက်တွေကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ သတ်မှတ်ခဲ့ပါတယ်။

အဲဒီ သန့်ရှင်းတဲ့စီးပွားရေးဆိုင်ရာ သဘောတူညီချက်ဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အား သိုလှောင်မှုတို့မှာ အဖွဲ့ဝင်နိုင်ငံတွေက အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရေးကို ရည်မှန်းထားပါတယ်။

"မျှတတဲ့စီးပွားရေး" သဘောတူညီချက်ဟာ အဂတိလိုက်စားမှု တားဆီးရေးပန်းတိုင်တစ်ခုကို ချမှတ်ထားပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေဟာ ဒေသတွင်းမှာ အရေးကြီးတဲ့ ကုန်ပစ္စည်းတွေအတွက် ထုတ်လုပ်ဖြန့်ချိရေး ကွင်းဆက်တွေကို ကာကွယ်ဖို့ အရင်က သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးထားခဲ့ပါတယ်။

ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကိုလည်း ကြိုးပမ်းသွားမှာဖြစ်တယ်လို့ အဲဒီအုပ်စုက ပြောပါတယ်။

အဲဒီလိုမျိုး ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုအလားအလာဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲရဲ့ ရလဒ်အပေါ် မူတည်နိုင်ဖွယ်ရာရှိပါတယ်။