ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရာမှာ အကူအညီပေးရေး ပူးပေါင်းဆောင်ရွက်မှုကို ဂျပန် တိုးမြှင့်လုပ်ဆောင်မယ်

ဂျပန်အစိုးရဟာ ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေး ပံ့ပိုးဖို့အတွက် စီးပွားရေးဆိုင်ရာ စီမံချက်တွေ ပါဝင်တဲ့ နားလည်မှု သဘောတူညီချက်အသစ်ကို ယူကရိန်းနဲ့ လက်မှတ်ရေးထိုးဖို့ လုပ်ဆောင်နေပါတယ်။

ဂျပန်ဝန်ကြီးချုပ် Kishida Fumio နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ဟာ အခုနှစ် G7 ထိပ်သီးအစည်းအဝေး ဘေးစည်းအဖြစ်ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့နဲ့ အဲဒီစာချုပ်ကို လက်မှတ်ရေးထိုးဖို့ စီစဉ်မှုတွေ စတင်လုပ်ဆောင်နေတယ်လို့ အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။ G7 ထိပ်သီးအစည်းအဝေးကို ဇွန်လ ၁၃ ရက်နေ့က စပြီး အီတလီမှာ ကျင်းပမှာဖြစ်ပါတယ်။ ယူကရိန်းအခြေအနေနဲ့ ပတ်သက်ပြီး အာရုံစိုက်ပြီးဆွေးနွေးမယ့် အစည်းအဝေးတစ်ခုကို တက်ရောက်ဖို့ မစ္စတာ Zelenskyy ကို ဖိတ်ကြားထားပါတယ်။

တတ်နိုင်သလောက် စောစော ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှု အဆုံးသတ်ရေးနဲ့ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရေးရဲ့ အရေးပါမှုကို ဝန်ကြီးချုပ် Kishida က ကြာသပတေးနေ့မှာ အလေးပေး ပြောကြားခဲ့ပါတယ်။ အဲဒီရည်မှန်းချက် အောင်မြင်ဖို့ ကြိုးပမ်းမှုတွေကို ဂျပန်နိုင်ငံက ဦးဆောင်ဖို့ ဆန္ဒရှိကြောင်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယူကရိန်းက ဗြိတိန်၊ ပြင်သစ်စတဲ့ နိုင်ငံတွေနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဂျပန်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်ချက်နဲ့ တခြားအကြောင်းအရာတွေကို ထည့်သွင်းစဉ်းစားပြီး မျှော်မှန်းထားတဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ စွမ်းအင်ကဏ္ဍပေါ်မှာ အာရုံစိုက်ထားတဲ့ ယူကရိန်းပြန်လည်တည်ဆောက်ရေးကို ကူညီဖို့ စီးပွားရေးဆိုင်ရာ အထောက်အပံ့ကို အဓိကထားဖွယ်ရှိတယ်လို့ ဂျပန်အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။

G7 Hiroshima ထိပ်သီးဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် မေလမှာ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတုန်းက မစ္စတာ Kishida နဲ့ မစ္စတာ Zelenskyy တို့ နောက်ဆုံး တွေ့ဆုံခဲ့ကြပါတယ်။

မစ္စတာ Kishida ဟာ လာမယ့် ဆွေးနွေးပွဲတွေမှာ ရုရှားအပေါ် တင်းကျပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လက်ပြုလုပ်မယ့် ဂျပန်ရဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားပြီး ဂျပန်နဲ့ယူကရိန်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံ အတည်ပြုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။