ဂါဇာကမ်းမြောင်ဒေသအတွင်း ပဋိပက္ခဖြစ်ပွားတာ ၈ လပြည့်ဖို့ တစ်ရက်အလိုမှာ ကုလသမဂ္ဂ စာသင်ကျောင်းကို အစ္စရေး တိုက်ခိုက်

ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ ကုလသမဂ္ဂကျောင်းတစ်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း အစ္စရေးက ပြောကြားလိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ကလေး ၁၄ ဦးနဲ့ အမျိုးသမီး ၉ ဦး အပါအဝင် လူ ၄၀ သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ဂါဇာမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ ၈ လပြည့်ဖို့ တစ်ရက်အလို ကြာသာပတေးနေ့မှာ အစ္စရေးစစ်တပ်က အဲဒီတိုက်ခိုက်မှုကို ကြေညာခဲ့ပါတယ်။

Nuseirat ဒေသရှိ UNRWA စာသင်ကျောင်းထဲက ဟားမတ်စ်ရဲ့ ခြံဝင်းတစ်ခုအတွင်းကို သူတို့ရဲ့ တိုက်လေယာဉ်တွေက တိကျတဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စေရးစစ်တပ်က ပြောပါတယ်။ UNRWA ဟာ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂရဲ့အေဂျင်စီ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ခြံဝင်းထဲက ဟားမတ်စ် တိုက်ခိုက်ရေးသမား အများအပြား သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှုမရှိတဲ့ အရပ်သားတွေအပေါ် ထိခိုက်မှုအန္တရာယ်ကို လျှော့ချဖို့ "အဆင့်များစွာ" လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အလေးပေးပြောကြားခဲ့ပါတယ်။

UNRWA မဟာမင်းကြီး Philippe Lazzarini က အဲဒီတိုက်ခိုက်မှုကို လူမှုမီဒီယာပို့စ်တစ်ခုမှာ ရှုတ်ချခဲ့ပြီး တိုက်ခိုက်ခံရချိန်မှာ အဲဒီစာသင်ကျောင်းမှာ အိုးအိမ်မဲ့ လူပေါင်း ၆၀၀၀ ခိုလှုံခွင့်နေကြောင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အဆောက်အဦတွေကို တိုက်ခိုက်ခြင်း၊ ပစ်မှတ်ထားခြင်း ဒါမှမဟုတ် စစ်ရေးဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် အသုံးပြုခြင်းဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို "ဗြောင်ကျကျလျစ်လျူရှုနေတာ"ကို ဖော်ပြတယ်လို့ သူက ရေးသားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ပဋိပက္ခစတင်ကတည်းက သေဆုံးသူ စုစုပေါင်း ၃၆,၆၅၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဂါဇာကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသ အပြင်ဘက်ကို ပို့ဆောင်ကုသဖို့ လိုအပ်တဲ့ ဖျားနာပြီး ဒဏ်ရာရရှိသူ အရေအတွက်ဟာ ၂၅၀၀၀ ရှိလာပြီဖြစ်ကြောင်း သူတို့က ဆိုပါတယ်။ ဒါပေမဲ့ ဂါဇာနဲ့ အီဂျစ်ကြားက Rafah နယ်စပ်စခန်းကို အစ္စရေးစစ်တပ်က ပြီးခဲ့တဲ့လက သိမ်းပိုက်ပြီးကတည်းက ဂါဇာကမ်းမြောင်ကနေ ဘယ်သူမှ မထွက်ခွာနိုင်ဘူးလို့ အဲဒီအရာရှိတွေက ပြောပါတယ်။

အဲဒီအခြေအနေကြောင့် အသက်ထောင်ပေါင်းများစွာဟာ ရှောင်လွှဲနိုင်တဲ့ နောက်ဆက်တွဲ ရောဂါတွေ၊ သေဆုံးမှု အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ တာဝန်ရှိသူတွေက ထည့်သွင်းပြောကြားခဲ့ပါတယ်။