နှစ်စဉ်ကျင်းပတဲ့ စီးပွားရေးဖိုရမ်ကို St. Petersburg မှာ ရုရှားသမ္မတ ဖွင့်လှစ်

ရုရှားသမ္မတ Vladimir Putin ဟာ "ဘက်စုံအသွင်အပြင် ကမ္ဘာ" လို့ သူကခေါ်နေတဲ့ ကမ္ဘာမှာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ချင်တယ်လို့ ပြောလိုက်ပါတယ်။ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ St. Petersburg နိုင်ငံတကာ စီးပွားရေးဖိုရမ် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့မှာ သူက စတင်ဖွင့်လှစ်လိုက်ပါတယ်။

အဲဒီသီတင်းတစ်ပတ်အတွင်း နိုင်ငံနဲ့ဒေသပေါင်း ၁၃၆ ခုက လူပေါင်း ၁၇,၀၀၀ တက်ရောက်လိမ့်မယ်လို့ ဆွေးနွေးပွဲ စီစဉ်သူတွေက မျှော်လင့်ထားပါတယ်။ အရင်က ဂျပန်နိုင်ငံနဲ့ တခြား G7 ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့ပေမဲ့ အခုနှစ်မှာတော့ ဆွေးနွေးပွဲ စီစဉ်သူတွေဟာ BRICS မူဘောင်ထဲက အိန္ဒိယ၊ တရုတ်နဲ့ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးအားကောင်းလာစေဖို့ကို အာရုံစိုက်နေပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်က ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအောက်မှာ ရုရှားနိုင်ငံရဲ့ စီးပွားရေးဟာ ယိမ်းယိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း တိုးတက်မှုဟာ ၅.၄ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သမ္မတ Putin က ပြောကြားခဲ့ပါတယ်။

ရုရှားအနေနဲ့ အဲဒီအနေအထားကို "ထိန်းသိမ်းထားမယ်" လို့လည်း သမ္မတ Putin က အခိုင်အမာဆိုခဲ့ပြီး သူ့နိုင်ငံကို "ထိခိုက်နစ်နာစေအောင်" နဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့်သွားအောင် ကြိုးပမ်းနေသူတွေအားလုံးဟာ အမှန်တကယ်မှာတော့ သူတို့ကိုယ်သူတို့ ပိုပြီးထိခိုက်စေမယ့် အရာတွေကို လုပ်ဆောင်နေတာဖြစ်ကြောင်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။