ပြင်ဆင်ထားတဲ့ နိုင်ငံရေးရန်ပုံငွေ ထိန်းချုပ်ရေးဥပဒေ ဂျပန်အောက်လွှတ်တော် အတည်ပြု

နိုင်ငံရေးရန်ပုံငွေထိန်းချုပ်ရေးဥပဒေကို ပြောင်းလဲပြင်ဆင်တဲ့ ဥပဒေမူကြမ်းတစ်ရပ်ကို ဂျပန်အောက်လွှတ်တော်က ကြာသပတေးနေ့မှာ အတည်ပြုခဲ့ပါတယ်။

အဓိက အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) က တင်သွင်းတဲ့ အဲဒီဥပဒေမူကြမ်းကို ဒီပါတီရဲ့ အငယ်တန်း ညွန့်ပေါင်းဖြစ်တဲ့ ခိုးမေးတိုးပါတီ၊ အတိုက်အခံ ဂျပန် အင်နိုဗေးရှင်းပါတီနဲ့ တခြားသူတွေရဲ့ ထောက်ခံမဲ အများစုအင်အားနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

LDP ဟာ ခိုးမေးတိုး နဲ့ ဂျပန် အင်နိုဗေးရှင်ပါတီတွေရဲ့ တောင်းဆိုချက်တွေကို ပေါင်းထည့်ပြီး သူ့ရဲ့ မူလ ဥပဒေမူကြမ်းကို ပြင်ဆင်ခဲ့ပါတယ်။

ဒီဥပဒေမူကြမ်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ နိုင်ငံရေးရန်ပုံငွေအစီရင်ခံစာပါ အကြောင်းအရာတွေကို အတည်ပြုတဲ့ စာရွက်စာတမ်းတစ်ခု ပြုစုရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါဟာ "အသင်းအဖွဲ့အလိုက် အပြစ်ရှိခြင်း" စနစ်တစ်ခုကို စတင်မယ့် အဓိပ္ပာယ်ဖြစ်ပါတယ်။

ရန်ပုံငွေပွဲလက်မှတ် ဝယ်ယူသူတွေရဲ့ နာမည်ကို ထုတ်ဖော်ရမဲ့ အနိမ့်ဆုံး ငွေပမာဏကို ယန်း ၅၀,၀၀၀ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၃၂၀ လောက်အထိ လျှော့ချသတ်မှတ်မှာ ဖြစ်ပါတယ်။ လက်ရှိအနိမ့်ဆုံးပမာဏကတော့ ယန်း ၂၀၀,၀၀၀ တစ်နည်းအားဖြင့် ဒေါ်လာ ၁,၂၈၀ လောက် ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ရဲ့ပါတီက ပေးအပ်တဲ့ နိုင်ငံရေးဆိုင်ရာ အသုံးစရိတ်တွေကို ဘယ်ပုံဘယ်နည်း၊ ဘယ်အချိန်မှာ အသုံးပြုခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို လူသိရှင်ကြားထုတ်ပြန်ရမယ်လို့ တောင်းဆိုမှာဖြစ်ပါတယ်။ သူတို့အနေနဲ့ ပြေစာတွေနဲ့ တခြားသက်ဆိုင်ရာ စာရွက်စာတမ်းတွေကို ၁၀ နှစ်အကြာမှာ ထုတ်ပြန်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။