ထိုင်ဝမ်ကို F-16 လေယာဉ်အစိတ်အပိုင်းတွေ ရောင်းချမှု အမေရိကန် ကြေညာ

အမေရိကန်အစိုးရဟာ အမေရိကန်ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိတဲ့ F-16 တိုက်လေယာဉ်တွေရဲ့ ပြုပြင်ရေးနဲ့ အပိုပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ထိုင်ဝမ်ကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီရောင်းချမှုကို အတည်ပြုခဲ့ပြီး ဆုံးဖြတ်ချက်ကို လွှတ်တော်ကို အကြောင်းကြားခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

ဒါဟာ ထိုင်ဝမ်မှာ မေလတုန်းက သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ထိုင်ဝမ်ကို လက်နက်တွေ ဒါမှမဟုတ် ဆက်စပ်ပစ္စည်းတွေ ရောင်းချမှုကို အမေရိကန်အစိုးရက ပထမဆုံးအကြိမ် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးမှာ အမေရိကန်ပြည်ထောင်စု ဆက်လက်ပါဝင်တာကို ပြသတဲ့ လှုပ်ရှားမှုတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun တို့ဟာ စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ လုံခြုံရေးဆိုင်ရာဖိုရမ်ရဲ့ ဘေးစည်းအဖြစ် ထိုင်ဝမ်အခြေအနေနဲ့ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီကာကွယ်ရေးဝန်ကြီးနှစ်ဦးဟာ နှစ်နိုင်ငံကြား သဘောထားကွဲလွဲမှုကို ကျဉ်းမြောင်းအောင် မလုပ်နိုင်ခဲ့ကြပါဘူး။

သူတို့ရဲ့ ဆွေးနွေးမှုတွေအတွင်း ပြီးခဲ့တဲ့လက ထိုင်ဝမ် အနီးတစ်ဝိုက်မှာ ပြုလုပ်ခဲ့တဲ့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို "ရန်စမှု" အဖြစ် မစ္စတာ Austin က ရည်ညွှန်းပြောကြားခဲ့ပါတယ်။

တုံ့ပြန်တဲ့အနေနဲ့ မစ္စတာ Dong က "တရုတ်ပြည်တွင်းရေး" မှာ အမေရိကန်က ဝင်မစွက်ဖက်သင့်ဘူးလို့ မစ္စတာ Austin ကို သတိပေးခဲ့ပါတယ်။