စမ်းသပ်မှုဒေတာ အရှုပ်တော်ပုံအတွက် Suzuki ကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီး Toyota ထုတ်လုပ်ရေးလိုင်းတချို့ ရပ်နားထား

စမ်းသပ်မှုဒေတာ လိမ်ညာပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ Suzuki Motor ရုံးချုပ်မှာ အစိုးရ အရာရှိတွေက ကွင်းဆင်း စုံစမ်းစစ်ဆေးမှုကို စတင်လိုက်ပြီး တခြားကားထုတ်လုပ်သူတွေက စက်ရုံအများအပြားမှာ ထုတ်လုပ်မှုတွေကို စပြီး ရပ်နားလိုက်ကြပါတယ်။

သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက အရာရှိ ၃ ဦးဟာ ကြာသပတေးနေ့မှာ ရှီဇုအိုက ခရိုင်က Suzuki ကုမ္ပဏီရဲ့ ရုံးချုပ်ကို ရောက်ရှိလာခဲ့ပြီး Suzuki ဟာ စုံစမ်းစစ်ဆေးခံရမယ့် တတိယမြောက် မော်တော်ကား ထုတ်လုပ်သူ ဖြစ်လာခဲ့ပါတယ်။

Suzuki နဲ့ တခြားဂျပန်ကားထုတ်လုပ်တဲ့ ကုမ္ပဏီ ၄ ခုတို့ဟာ အမြောက်အမြား ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ အသိအမှတ်ပြုလက်မှတ်ကို ရယူရေးအတွက် စွမ်းဆောင်ရည်ဆိုင်ရာ စမ်းသပ်မှုဒေတာကို လိမ်ညာပြင်ဆင်ခဲ့တယ်ဆိုတာ အခုသီတင်းပတ်အစောပိုင်းမှာ လူသိရှင်ကြားဖြစ်လာခဲ့ပြီးနောက် ဒီလိုလုပ်ဆောင်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

အခုအခါ ထုတ်လုပ်မှုမရှိတော့တဲ့ Alto အမျိုးအစား ကားမော်ဒယ်တစ်ခုအတွက် Suzuki ဟာ ၂၀၁၄ ခုနှစ်မှာ ဘရိတ်ဆိုင်ရာ စမ်းသပ်မှုရလဒ်တွေကို လိမ်ညာပြင်ဆင်ခဲ့တာကို အတည်ပြုခဲ့ပါတယ်။

သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနဟာ အခုသီတင်းပတ်အစောပိုင်းက Toyota ကုမ္ပဏီရဲ့ ရုံးချုပ်မှာ စုံစမ်းစစ်ဆေးမှုတွေကို စတင်ခဲ့ပါတယ်။

ကြာသပတေးနေ့မှာ Toyota က စက်ရုံအများအပြားရဲ့ ထုတ်လုပ်မှုကို ဇွန် ၂၈ ရက်အထိ ရပ်ဆိုင်းခဲ့ပါတယ်။

အဲဒီလိုလုပ်ဆောင်တာကြောင့် မီယာဂီ နဲ့ အီဝါတဲ ခရိုင်တွေက စက်ရုံတွေမှာ ထုတ်လုပ်တဲ့ Yaris Cross အပါအဝင် မော်ဒယ်၃ မျိုးအပေါ် သက်ရောက်မှုရှိမှာဖြစ်ပါတယ်။

Mazda ကုမ္ပဏီဟာလည်း ဟီရိုရှီးမားနဲ့ ယာမဂူချီ ခရိုင်တွေက စက်ရုံတွေမှာ Mazda2 အပါအဝင် ဆက်နွှယ်မှုရှိတဲ့ မော်ဒယ် ၂ မျိုးရဲ့ ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။