မြောက်ကိုရီးယားရဲ့ အမှိုက် မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယား သမ္မတ ရှုတ်ချအပြစ်တင်

တောင်ကိုးရီးယားသမ္မတ Yoon Suk-yeol က “သာမာန်နိုင်ငံတွေဆိုရင် ကိုယ့်ကိုယ်ကိုယ်ရှက်စရာလို့မှတ်ယူမှာဖြစ်တဲ့ စက်ဆုပ်ဖွယ်ရာရန်စတဲ့အပြုအမူ" အတွက် မြောက်ကိုရီးယားကို ရှုတ်ချအပြစ်တင်လိုက်ပါတယ်။ ဒါဟာ မြောက်ကိုရီးယားက နယ်စပ်ကိုဖြတ်ပြီး အမှိုက်တွေသယ်လာတဲ့ မိုးပျံပူဖောင်းတွေ စေလွှတ်ခဲ့တာကို ရည်ညွှန်းတာလို့ ယူဆရပါတယ်။

မစ္စတာ Yoon ဟာ ကြာသပတေးနေ့က ဆိုးလ် နိုင်ငံတော်သုသာန်မှာ ပြောကြားခဲ့တဲ့ အောက်မေ့ဖွယ်နေ့ မိန့်ခွန်းထဲမှာ အဲဒီလို မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့ဟာ ကိုရီးယားစစ်ပွဲအပါအဝင် စစ်ပွဲအတွင်း သေဆုံးခဲ့သူတွေကို ရည်စူးတဲ့ အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။

မစ္စတာ Yoon က "ဒီကနေ ကီလိုမီတာ ၅၀ လောက်ပဲဝေးတဲ့ ကျွန်တော်တို့ရဲ့ ဆွေမျိုးသားချင်းတွေဟာ သူတို့ရဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေကို ရက်ရက်စက်စက် လုယူခံထားရပြီး ငတ်မွတ်ခေါင်းပါးနေကြတယ်" လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး သူက “မြောက်ကိုရီးယား အစိုးရဟာ သမိုင်းရဲ့ တိုးတက်မှုကို လက်ခံဖို့ ငြင်းဆိုနေပြီး အဲဒီအစား နောက်ပြန်ဆုတ်တဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက်ရပ်တည်နေပြီး ကျွန်တော်တို့ရဲ့ အသက်တွေကို ခြိမ်းခြောက်နေပါတယ်” လို့ ပြောပါတယ်။ သူ့အစိုးရဟာ မြောက်ကိုရီးယားရဲ့ အန္တရာယ်ကို ဘယ်တော့မှ မျက်ခြေပြတ်ခံမှာ မဟုတ်ဘူးလို့လည်း သူကပြောကြားခဲ့ပါတယ်။