တောင်ကိုရီးယားမှာရှိတဲ့ ထွက်ပြေးလာသူများအဖွဲ့က မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ နယ်စပ်ကျော် ပေးပို့

တောင်ကိုးရီးယားမှာရှိနေတဲ့ မြောက်ကိုရီးယားက ထွက်ပြေးလာသူ အဖွဲ့တစ်ဖွဲ့က မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်ပစ္စည်းတွေ သယ်ဆောင်ထားတဲ့ မိုးပျံပူဖောင်းတွေကို နယ်စပ်ဖြတ်ပြီး စေလွှတ်ခဲ့တယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့ အစောပိုင်းမှာ စစ်မဲ့ဇုန်အနီး နေရာတစ်ခုကနေ မိုးပျံပူဖောင်း ၁၀ လုံး လွှတ်တင်ခဲ့တယ်လို့ အဲဒီအဖွဲ့က ပြောကြားခဲ့ပါတယ်။

မိုးပျံပူဖောင်းတွေမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို ဝေဖန်ထားတဲ့ လက်ကမ်းစာစောင် ၂၀၀,၀၀၀၊ တောင်ကိုရီးယား တေးဂီတနဲ့ ဒရာမာဇာတ်လမ်းတွေ ပါဝင်တဲ့ USB အချောင်းတွေနဲ့ အမေရိကန်ဒေါ်လာ ငွေစက္ကူတွေ သယ်ဆောင်ထားတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။။

မေလ ၁၀ ရက်နေ့မှာလည်း အလားတူ ပစ္စည်းတွေကို သယ်ဆောင်ထားတဲ့ မိုးပျံပူဖောင်းတွေကို ဒီအဖွဲ့က လွှတ်တင်ခဲ့ပါတယ်။ မြောက်ကိုရီးယား ပြည်သူတွေဆီ အမှန်တရားနဲ့ လွတ်လပ်မှုဆိုင်ရာ ပေးစာတွေလို့ သူတို့ကခေါ်ဆိုတာတွေကို ဆက်ပြီး ပေးပို့သွားမယ်လို့ သူတို့ကဆိုပါတယ်။

မြောက်ကိုရီးယားဟာ မေလနှောင်းပိုင်းက စတင်ပြီး အညစ်အကြေးနဲ့ အမှိုက်တွေ တင်ဆောင်ထားတဲ့ မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယားဆီ စတင်စေလွှတ်ခဲ့ပြီး တောင်ကိုရီးယားကို ထွက်ပြေးလာသူတွေရဲ့ လုပ်ရပ်အတွက် လက်တုံ့ပြန်တာဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားက မိုးပျံပူဖောင်းလှုပ်ရှားမှုတွေကို ယာယီရပ်ဆိုင်းထားမယ်လို့ တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ တောင်ကိုးရီးယားဘက်က လက်ကမ်းစာစောင်တွေ ထပ်ပို့လာမယ်ဆိုရင် အဲဒီဝါဒဖြန့်လက်ကမ်းစာစောင်တွေထက် အဆ ၁၀၀ ပိုများတဲ့ အမှိုက်တွေကို ပို့ပြီး တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယားက သတိပေးခဲ့ပါတယ်။