အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်ကို ပယ်ချတဲ့အကြား ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတပ်ဖွဲ့တွေ ဆက်လက်တိုက်ခိုက်နေ

အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်ကို ဟားမတ်စ်အဖွဲ့က ပယ်ချတဲ့အကြား အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြှောင် အလယ်ပိုင်းနဲ့ တခြားနေရာတွေမှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

သူ့ရဲ့တပ်ဖွဲ့တွေဟာ Bureij နဲ့ Deir al Balah အရှေ့ပိုင်း ဧရိယာတွေထဲမှာ ပစ်မှတ် ထား ထားတဲ့ စစ်ဆင်ရေးတစ်ခုကို တစ်ပြိုင်နက်ထဲ စတင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

တပ်ဖွဲ့တွေဟာ "လက်နက်တွေထားတဲ့နေရာကို တွေ့ရှိခဲ့ပြီး လက်နက်ကိုင် အကြမ်းဖက်သမားတွေကို ချေမှုန်းပစ်ခဲ့တယ်" လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း ဂါဇာ အလယ်ပိုင်းမှာ အစ္စရေးရဲ့ ပြင်းထန်စွာ တိုက်ခိုက်မှုတွေကြောင့် အင်္ဂါနေ့ကတည်းက အနည်းဆုံး လူ ၇၀ သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့က အဲဒီနေ့မှာပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့လည်း အဲဒီအဖွဲ့က ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက လက်ရှိပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ ၃၆,၅၈၆ ဦးအထိ တိုးလာခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးအာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးအနေနဲ့ လုံးဝ အပစ်အခတ်ရပ်စဲရေးနဲ့ သူတို့ရဲ့တပ်ဖွဲ့တွေကို အပြည့်အ၀ ဆုတ်ခွာဖို့ အာမခံချက် မပေးဘူးဆိုရင် ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွှတ်ပေးရေး အခုနောက်ဆုံး အဆိုပြုချက််ကို သဘောတူမှာ မဟုတ်ဘူးလို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။